လာမည့်နှစ်ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ် ပြောင်းလဲရန် ရာခိုင်နှုန်းများကြောင်း မိုးဇလညွှန်ကြားရေးမှူးချုပ် ပြောကြား

လာမည့်နှစ်ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ် ပြောင်းလဲရန် ရာခိုင်နှုန်းများကြောင်း မိုးဇလညွှန်ကြားရေးမှူးချုပ် ပြောကြား
Published 23 May 2018

ဧပြီလအတွင်းက မြို့မကျောင်းလမ်းနှင့် ရန်ကုန်မြို့လယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ပြည့်ဖြိုးအောင်)

မေ ၂၃ ရက်မှ ၂၄ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်တစ်ခုအဖြစ် ပြောင်းလဲရန် ရာခိုင်နှုန်း ၇၀ ဝန်းကျင် ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး၏ ပြောကြားချက်အရ သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ ရှိနေပြီး မေ ၂၃ ရက်မှ ၂၄ ရက်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကာ ထိုမှတစ်ဆင့် မေ ၂၆ ရက်ခန့်တွင် မုန်တိုင်းငယ်တစ်ခု အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်းနှင့် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲရန် ရာခိုင်နှုန်း ၇၀ ဝန်းကျင် ရှိနိုင်ကြောင်း သိရသည်။

“လေဖိအားနည်းရပ်ဝန်းဖြစ်ဖို့ လေပူလေအေးတွေ လှည့်နေတဲ့ အခြေအနေတွေ ရှိနိုင်တယ်။ အဲဒီကနေမှ နှစ်ရက်လောက်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်တယ်။ မေ ၂၆ လောက်ဆို မုန်တိုင်းငယ်တစ်ခုအဖြစ် ပြောင်းသွားနိုင်တယ်။ ကျွန်တော်တို့ သင်္ချာပုံစံ တွက်ချက်မှုအရရော၊ နိုင်ငံခြား မိုးလေဝသဌာနတွေရဲ့ ထုတ်ပြန်မှုအရရော မုန်တိုင်းငယ်ဖြစ်ဖို့က ရာခိုင်နှုန်း ၆၀ ကနေ ၇၀ လောက်အထိ ရှိနိုင်ပါတယ်” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ဆိုသည်။

“ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ အစပျိုးမယ့် လေဖိအားနည်းရပ်ဝန်း၊ နောက်တစ်ဆင့် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲမယ်။ သင်္ချာပုံစံ ခန့်မှန်းချက်တွေ အရတော့ မေ ၂၄ ရက်နေ့လောက်မှာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း အိန္ဒိယကမ်းခြေနားမှာ အစပျိုးမယ့် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ခြေရှိတယ်။ ၂၅ ရက်နေ့ကနေ ၂၈ ရက်အတွင်းမှာ အားအနည်းငယ် ပိုကောင်းလာနိုင်တယ်။ အိန္ဒိယကမ်းခြေမှာ တရွတ်တိုက် ရွေ့နေနိုင်တယ်ဆိုပြီး တွက်ချက်မှုတွေက ပြထားတယ်။ အဲဒီလိုသာဆိုရင် မိုးဦး မိုးကြိုး မုန်တိုင်းတွေ စတင်ဖြစ်တဲ့နေရာက အရှေ့တောင်ပိုင်းတွေ သာမက အလယ်ပိုင်းအထိ ဖြစ်နိုင်တယ်ဆိုတာ မှတ်တမ်းဝင်လာမှာ ဖြစ်တယ်။ ဒါက မိုးလေဝသဖြစ်စဉ် အပြောင်းအလဲနဲ့ မုတ်သုံရာသီ လေဝင်ရောက်မှု အပြောင်းအလဲအသစ်ဖြစ် မှတ်တမ်းတင် လေ့လာစရာတစ်ခု ဖြစ်လာမှာပါ” ဟု မိုးလေဝသပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

မေလ ဒုတိယ ၁၀ ရက်ပတ်အတွင်း အာရေဗျ ပင်လယ်ပြင်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်ခဲ့ခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် Anti Cyclone ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ခြင်းများကြောင့် အနောက်တောင် မုတ်သုံလေ ဝင်ရောက်မှု နောက်ကျခဲ့ပြီး ယခုဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းကြောင့် မေ ၂၃ ရက်မှ ၂၄ ရက်တွင် အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်း ဒေသများသို့ ဝင်ရောက်မည်ဖြစ်ပြီး မေလကုန်တွင် အလယ်ပိုင်း ဒေသများသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေ ဝင်ရောက်မှုနှင့်အတူ မြန်မာနိုင်ငံ နေရာအနှံ့ မိုးရွာသွန်းနိုင်ပြီး မိုးဦးကာလတွင် အဖြစ်များလေ့ရှိသည့် မိုးတိမ်တောင် ဖြစ်စဉ်များလည်း ဆက်လက် ဖြစ်ပွားနေမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent