ခေးပူ-လွယ်မူပလော လမ်းကြောင်းဖောက်လုပ်ရာတွင် လုံခြုံရေးယူပေးခဲ့သည့် တပ်မတော်စစ်ကြောင်းများ KNLA တပ်မဟာ (၅) နယ်မြေမှ စတင်ထွက်ခွာနေပြီး ပစ်ခတ် KNLA တပ်မဟာဌာနချုပ်က ရှေ့တန်းတပ်မှူးများထံ ညွှန်ကြားထား

ခေးပူ-လွယ်မူပလော လမ်းကြောင်းဖောက်လုပ်ရာတွင် လုံခြုံရေးယူပေးခဲ့သည့် တပ်မတော်စစ်ကြောင်းများ KNLA တပ်မဟာ (၅) နယ်မြေမှ စတင်ထွက်ခွာနေပြီး ပစ်ခတ် KNLA တပ်မဟာဌာနချုပ်က ရှေ့တန်းတပ်မှူးများထံ ညွှန်ကြားထား
Published 23 May 2018

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ ခေးပူ - လွယ်မူပလော လမ်းကြောင်းဖောက်လုပ်ရာတွင် လုံခြုံရေးယူပေးခဲ့သည့် တပ်မတော်စစ်ကြောင်းများ KNLA တပ်မဟာ (၅) နယ်မြေမှ စတင်ထွက်ခွာနေပြီး အဆိုပါ စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန် KNLA တပ်မဟာဌာနချုပ်မှ ရှေ့တန်းတပ်မှူးများထံ ညွှန်ကြားထားကြောင်း KNLA တပ်မဟာ (၅) တပ်ရေးတာဝန်ခံ စောကလယ်ဒိုက ဆိုသည်။

မတ်လအတွင်း၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်မတော်စစ်ကြောင်းက ဒေသခံများ သွားလာရေးအဆင် ပြေစေရန်နှင့် တပ်မတော်စစ်ကြောင်းများကို အုပ်ချုပ်မှုလွယ်ကူစေရန်အတွက် ခေးပူ-လွယ်မူပလော လမ်းကြောင်းအား ဖောက်လုပ်ခဲ့ပြီး ထိုသို့လမ်းကြောင်း ဖောက်လုပ်မှုကြောင့် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ (၅) အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ကြသည်။

မေ ၁၇ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သည့် KNU ကိုယ်စားလှယ် အဖွဲ့တို့ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် တပ်မတော်က လမ်းကြောင်းဖောက်လုပ်မှုအား ယာယီရပ်ဆိုင်းပေးပြီး တပ်မတော်စစ်ကြောင်းများ ရုပ်သိမ်းပေးရန် သဘောတူခဲ့သည်။

ထို့နောက် လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများကို ပစ်ခတ်တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က KNLA တပ်မဟာထံညွှန်ကြားခဲ့သည့်အတွက် အဆိုပါ ညွှန်ကြားချက်ကို ရှေ့တန်းတပ်မှူးများ ထံထပ်ဆင့်ညွှန်ကြားခဲ့ကြောင်း စောကလယ်ဒိုက ပြောကြားသည်။

“ဒီနေ့ (မေ ၂၂ ရက်) ပဲ လွယ်မူပလော စခန်းမှာရှိတဲ့ အင်အားနှစ်ရာကျော်လောက်ရှိတဲ့ တပ်မတော်စစ်ကြောင်းဟာ လွယ်မူပလောဒေသကနေ စတင်ထွက်ခွာသွားတယ်လို့ ရှေ့တန်းကနေ ကျွန်တော်တို့ကို သတင်းပို့ပါတယ်။ အဲ့ဒီတော့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပြန်လည်ရုပ်သိမ်းသွားမယ်လို့ ကျွန်တော်တို့ ဒီလိုပဲ သဘောပေါက်ပါတယ်” ဟု စောကလယ်ဒိုက ပြောကြားသည်။

ခေးပူဘက်ရှိ လုံခြုံရေးဖြန့်ကြက်ယူထားခဲ့သော တပ်မတော်စစ်ကြောင်းများသည် ခေးပူစခန်းတွင်လည်းကောင်း၊ လွယ်မူပလောဘက်ရှိ လုံခြုံရေးဖြန့်ကြက်ယူထားခဲ့သော တပ်မတော်စစ်ကြောင်းများသည် လွယ်မူပလောစခန်းတွင်လည်းကောင်း ပြန်လည်စုစည်းထားပြီး လမ်းကြောင်းလုပ်ရာတွင် အသုံးပြုသည့် ယာဉ်ယန္တရားများသည်လည်း စခန်းအသီးသီးတွင် ပြန်လည်စုစည်းထားသည်ကို တွေ့ရသည်ဟု ရှေ့တန်းမှ သတင်းပေးပို့ကြောင်း စောကလယ်ဒိုက ဆိုသည်။

ခေးပူ-လွယ်မူပလော လမ်းကြောင်းဖောက်လုပ်မှုကြောင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျေးရွာပေါင်း (၁၄) ရွာမှ လူဦးရေ နှစ်ထောင်ကျော်မှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

Most Read

Most Recent