<

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်အာရှရေး ရာအထူးကိုယ်စားလှယ်တို့ မူဆယ်မြို့တိုက်ခိုက်ခံရမှုကြောင့် တရုတ်နိုင်ငံသို့ တိမ်းရှောင်ခဲ့သည့် အရပ်သားများအား စောင့်ရှောက်ထားမှု ကိစ္စရပ်အပါအ၀င် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေသည့် အခြေအနေများ ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ်တို့ ၂၀၁၇ ခုနှစ် အောက်တိုဘာလက တွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်အား မေ ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် မေ ၁၂ ရက်က မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေးစခန်းများနှင့် မြို့တွင်းရှိနေအိမ်များအား KIA ၊ TNLA ပူးပေါင်းအဖွဲ့က အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များ၊ ယင်းအကြမ်းဖက်တိုက်ခိုက်မှုအပေါ် တရုတ်နိုင်ငံက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပြီး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စိုးရိမ်ထိတ်လန့်၍ တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့သည့် အရပ်သားများအား တရုတ်နိုင်ငံကကောင်းမွန်စွာ စောင့်ရှောက်ပေးထားသည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် အစိုးရနှင့်တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် တရုတ်နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ကောင်စစ်ဝန်ချုပ် Mrs.Li Xiaoyan ၊ စစ်သံမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ကြခဲ့ကြောင်း သိရသည်။

ထို့အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်မစ္စတာ ဆွန်ကော့ရှန်တို့သည် မေ ၂၁ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှ ဆက်လက်ကူညီဆောင်ရွက်ပေးနေသည့်ကိစ္စ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံက ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှ အပြုသဘော ပါဝင်ကူညီ အထောက်အကူပြုရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာအစိုးရနှင့် မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တွေ့ဆုံဆွေးနွေးမှုများအတွက် ကြားဝင်ဆောင်ရွက်ပေးရန် မစ္စတာဆွန်ကော့ရှန်အား အဓိကတာဝန်ပေးထားခြင်း ဖြစ်သည်။

မစ္စတာဆွန်ကော့ရှန်သည် မေ ၁၈ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဖွဲ့စည်းထားသည့်  ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာအစိုးရတာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံခြင်းလည်း ဖြစ်သည်။

ထို့အတူ မေ ၁၈ ရက်တွင် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ မြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ချုပ်တည်းမှုပြသရန်နှင့် အပစ်အခတ်ရပ်စဲရေး ချက်ချင်းကြေညာရန်ကြေညာချက်တစ်စောင် ထုတ်ပြန်တောင်းဆိုထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) အဖွဲ့က ယခုလအတွင်း ၀င်ရောက်ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား အမျိုးသား ၁၃ ဦး၊ အမျိုးသမီးနှစ်ဦး၊ ရဲအရာရှိတစ်ဦး၊ ပြည်သူ့စစ်သုံးဦး စုစုပေါင်း ၁၉ ဦး သေဆုံးခဲ့ပြီး အရပ်သား အမျိုးသား ၁၇ ဦး၊ အမျိုးသမီးတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ ပြည်သူ့စစ်ခြောက်ဦး စုစုပေါင်း ၂၇ ဦးဒဏ်ရာရရှိခဲ့ပြီးနောက်ပိုင်းတွင် ဒဏ်ရာရရှိသူများထဲမှ သေဆုံးသူအချို့ ရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၁၂ ရက်က သတင်းထုတ်ပြန်ခဲ့ရာတွင် TNLA အဖွဲ့သာမက ကချင်လက်နက်ကိုင်အဖွဲ့ (KIA) လည်း ပစ်ခတ်တိုက်ခိုက်မှုတွင်ပါဝင်ကြောင်း ဖော်ပြထားသည်။

မူဆယ်မြို့သို့ ၀င်ရောက်တိုက်ခိုက်ခြင်းသည် တောတွင်း၌ တပ်မတော်မှ အင်အားအဆမတန် ဖြည့်တင်းလာခြင်းနှင့် မဟာမိတ် KIA နှင့် တိုက်ပွဲပြင်းထန်မှုကြောင့် အသေးစား စစ်ဆင်ရေးပြုလုပ်ခြင်းဖြစ်ကြောင်း TNLA က ကနဦးထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင်  TNLA ကရှင်းလင်းချက်ထုတ်ပြန်ရာတွင် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း အပါအ၀င် အခြားလုပ်ငန်းများဆောင်ရွက်နေသည့် ပန်ဆေးပြည်သူ့စစ်ပိုင် လောင်းကစားရုံအား ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့တိုက်ခိုက်မှုများအပြီးတွင် TNLA အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် FPNCC အားမစ္စတာဆွန်ကော့ရှန်က တရုတ်နိုင်ငံကူ မင်းမြို့တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး FPNCC အဖွဲ့ဝင်များအနေဖြင့် တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးအတွက် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေး၊ ဒေသတည်ငြိမ်ရေး ပြဿနာများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာသွားကြရန် တိုက်တွန်းအကြံပြုချက်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း FPNCC က ကြေညာချက်ထုတ်ပြန်သည်။

ထို့ပြင် တွေ့ဆုံမှု၌ မစ္စတာဆွန်ကော့ ရှန်ကလာမည့် (၂၁)ရာစု တတိယအကြိမ် ပင်လုံအစည်းအဝေးသို့ FPNCC အဖွဲ့ဝင်များအား တက်ရောက်ရန် ဖိတ်ကြားလာပါက တက်ရောက်ကြရန် တိုက်တွန်းအကြံပြုခဲ့ကြောင်းနှင့်  လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေး၊ စစ်ရေးပြဿနာများ၊ နယ်စပ်ဒေသ တည်ငြိမ်ရေးကိစ္စများကို တွေ့ဆုံဆွေးနွေး အဖြေရှာရန် FPNCC အဖွဲ့ဝင်များအနေဖြင့် အဆင်သင့်ရှိသည်ကို ဆွေးနွေးခဲ့ကြကြောင်း FPNCC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

May 22, 2018














Copy Protected by Chetan's WP-Copyprotect.