ခန္တီးမြို့နယ်အနီး ချင်းတွင်းမြစ်အတွင်းရှိ ငုတ်များကြောင့် ရေယာဉ်များ သွားလာရခက်ခဲပြီး တိမ်းမှောက်မည်ကို စိုးရိမ်နေရ

ခန္တီးမြို့နယ်အနီး ချင်းတွင်းမြစ်အတွင်းရှိ ငုတ်များကြောင့် ရေယာဉ်များ သွားလာရခက်ခဲပြီး တိမ်းမှောက်မည်ကို စိုးရိမ်နေရ
Published 23 May 2018

ခန္တီးမြို့နယ် ကောင်းဟိန်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းရှိ ငုတ် (တစုန်း) များအား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် လုံးတုံကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းရှိ ငုတ်တစ်ထောင်နှင့် ကောင်းဟိန်ကျေးရွာအနီး မြစ်လယ်ခေါင်ရှိ ငုတ် (တစုန်း) များကြောင့် ရေယာဉ်များ သွားလာရခက်ခဲပြီး တိမ်းမှောက်မည်ကို စိုးရိမ်နေရကြောင်း သိရသည်။

မိုးရာသီ တောင်ကျချောင်းရေများနှင့် မျောပါလာသောသစ်ပင်၊ သစ်ကိုင်း၊ သစ်ခက်များနှင့် ကျောက်တုံးများသည် ထိုကျေးရွာများအနီးရှိ ချင်းတွင်းမြစ်အတွင်းတွင် ငုတ် (တစုန်း) အဖြစ် တင်ကျန်ရစ်နေပြီး ဖြတ်သန်းသွားလာနေသော ခရီးသည်တင်ရေယာဉ်များနှင့် ကုန်တင်မော်တော်များအတွက် စိုးရိမ်ရကြောင်း ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

“မိုးတွင်းမှာ တောင်ကျချောင်းတွေနဲ့ပါလာတဲ့ သစ်ပင်၊ သစ်ကိုင်းတွေနဲ့ ကျောက်တုံးတွေက မြစ်ထဲမှာ အကုန်စုပုံပြီး စိုက်ထားသလို ငုတ်ကြီးတွေက ထောင်နေတာ။ ရေယာဉ်တွေအတွက် အဲဒါတွေက နွေရော၊ မိုးပါ အန္တရာယ်ရှိတယ်။ ကောင်းဟိန်နားမှာဆိုရင် နွေပိုင်းကြတော့ ရေကြောင်းကျဉ်းကျဉ်းလေးနဲ့ ငုတ်ကြီးတွေ ရှောင်တိမ်းသွားရတယ်။ အခုနောက်ပိုင်းမှာ ရေကြောင်းတွေပိုကျပ်လာတော့ သွားလာရပိုခက်လာသလို ရှောင်မောင်းရတဲ့အခါ ပန်ကာတွေခုတ်မိတာ၊ တက်မတွေခိုက်မိတာ ဖြစ်တယ်။ မိုးရာသီမှာဆိုရင်လည်း အဲဒီငုတ်ကြီးတွေက ရေအောက်ရောက်သွားတော့ မော်တော်ဝမ်းဗိုက်ထိုးမိမှာ စိုးရတယ်။ အဲဒီနေရာမှာ ရေယာဉ်တွေ၊ မော်တော်တွေ တိုက်တာမှောက်တာ ကြီးကြီးကျယ်ကျယ်မရှိဖူးပေမယ့် သွားလာရတာ အရမ်းအန္တရာယ်များတယ်” ဟု ဦးသိန်းလှိုင်ဝင်းမှ ပြောကြားသည်။

ထိုငုတ် (တစုန်း) များရှိနေသည်မှာ နှစ်အတန်ကြာပြီဖြစ်ကြောင်းနှင့် မိုးရာသီရေကြီးချိန်တွင် ရေယာဉ်များတိမ်းမှောက်မည်ကို စိုးရိမ်ရကြောင်း ဟုမ္မလင်း-ခန္တီး ပြေးဆွဲနေသော အမြန်ရေယာဉ်မောင်းသူ တစ်ဦးကလည်း ပြောကြားသည်။

“လုံးတုံနားက ငုတ်တစ်ထောင်ကတော့ ရှိနေတာကြာပြီ။ ၁၀ နှစ်ကျော်လောက် ရှိတော့မယ်။ ကောင်းဟိန်နားကတော့ မနှစ်က မိုးရာသီမှာ သစ်တုံးတွေအများကြီးပါလာပြီး ပိုဆိုးသွားတာ။ အဲဒီနေရာတွေက နွေရာသီဆိုရင် ငုတ်တွေကပေါ်နေတော့ ရှောင်ကွင်းပြီး မောင်းလို့ရသေးတယ်။ အချိန်ပိုကြာပြီး ခရီးနှောင့်နှေးတာတော့ရှိတာပေါ့။ မိုးတွင်းမှာပဲ ပိုစိုးရိမ်ရတာ။ ရေတက်လာတော့ ငုတ်တွေကမြုပ်ပြီး မမြင်ရတော့ဘူး။ အဲဒီအခါ မမြင်မစမ်းနဲ့မောင်းရတော့ ငုတ်တွေတိုက်မိပြီး မှောက်မှာတို့၊ စက်လှေဝမ်းဗိုက်ပေါက်မှာတို့ စိုးရိမ်ရတယ်” ဟု ဟုမ္မလင်း-ခန္တီး ပြေးဆွဲနေသော အမြန်ရေယာဉ်မောင်းသူတစ်ဦးက ပြောကြားသည်။

ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသည် ရေကြောင်းသွားလာရေးကိုသာ အဓိကအားထားနေရသောကြောင့် ထိုငုတ် (တစုန်း) များကို ဖယ်ရှားပေးရန် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် မေ ၂၁ ရက်က တင်ပြမေးမြန်းခဲ့ကြောင်း ဦးသိန်းလှိုင်ဝင်းက ဆက်လက်ပြောကြားသည်။

“ဒီတစုန်းတွေကို ဖယ်ရှားရှင်းလင်းတာ အရင်ကရော အခုပါမတွေ့မိဘူး။ ပုဂ္ဂလိက မော်တော်တွေပဲ သူတို့ဘာသာသူတို့ လွှတွေနဲ့တိုက်ဖြတ်ပြီး ရှင်းတာပဲတွေ့ဖူးတယ်” ဟု ဦးသိန်းလှိုင်ဝင်းက ဆက်လက်ပြောကြားသည်။

ထိုငုတ် (တစုန်း) များအား ဖယ်ရှားရှင်းလင်းပေးရန် လတ်တလောတွင် တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်မရှိသဖြင့် ဖယ်ရှားနိုင်ခြင်းမရှိသေးကြောင်းနှင့် ပြည်ထောင်စုအစိုးရထံတင်ပြပြီး ငွေလုံးငွေရင်းဘတ်ဂျက်ရရှိမှသာ ဖယ်ရှားရှင်းလင်းနိုင်မည်ဟု စစ်ကိုင်းတိုင်း လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

Most Recent