စစ်ပွဲများရပ်စဲရေးလှုပ်ရှားမှု ပြုလုပ်သဖြင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် တက်ကြွလှုပ်ရှားသူနှစ်ဦးအား ချမ်းအေးသာစံမြို့နယ်တရားရုံးက ထောင်ဒဏ်နှစ်လချမှတ်

စစ်ပွဲများရပ်စဲရေးလှုပ်ရှားမှု ပြုလုပ်သဖြင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် တက်ကြွလှုပ်ရှားသူနှစ်ဦးအား ချမ်းအေးသာစံမြို့နယ်တရားရုံးက ထောင်ဒဏ်နှစ်လချမှတ်
Published 23 May 2018

ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ပိတ်မိနေသည့်ဒေသခံများကို လွှတ်ပေးရေး၊ တိုင်းရင်းသားဒေသများ၌ ထိုးစစ်ဆင်နေမှုများ ရပ်တန့်ပေးရေးအပါအဝင် စစ်ပွဲများ ရပ်တန့်ပေးရန်အတွက် လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုအောင်မှိုင်းဆန်းနှင့် ကိုစိုးမိုးနိုင် (ခ) ကိုဒိန်းဒေါင်တို့နှစ်ဦးကို မေ ၂၂ ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်တရားရုံးက ထောင်ဒဏ်နှစ်လ ချမှတ်ခဲ့ကြောင်း သိရသည်။

ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် စွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ စွပ်စွဲခံထားရသူနှစ်ဦးဖြစ်သည့် ကိုအောင်မှိုင်းဆန်းနှင့် ကိုဒိန်းဒေါင်တို့က ပြန်လည်ခုခံချေပခြင်းမပြုလုပ်ခဲ့ဘဲ တရားရုံးကို သပိတ်မှောက်ဆန့်ကျင်၍ အမှုအား ရင်ဆိုင်ခဲ့ကြသည်။ အဆိုပါ ပုဒ်မ ၁၉ ဖြင့် စွဲဆိုထားသည့်အမှုကို မေ ၁၈ ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားလိုရဲမှူးအပါအဝင် တရားလိုပြသက်သေများအားလုံးကို အပြီးပြတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မေ ၂၂ ရက်တွင် အမှုကို အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“တရားရေးမဏ္ဍိုင်ဟာ တကယ်ကို လွတ်လွတ်လပ်လပ် သန့်သန့်ရှင်းရှင်းနဲ့ တည်ရှိတဲ့ မဏ္ဍိုင်မဟုတ်သေးဘူး။ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ စွက်ဖက်မှုတွေရှိနေတဲ့အတွက် ဒီအပေါ်မှာ ဒါကြောင့် တရားရုံးကို သပိတ်မှောက်တာတွေ လုပ်ခဲ့တာဖြစ်တယ်။ သူ့ဟာသူ တစ်ရက်ပဲချချ နှစ်လပဲချချ ကျွန်တော်တို့အတွက်ကတော့ မတရားမှုဟာ မတရားမှုပဲဖြစ်တယ်။ ဒီငြိမ်းစုစီဥပဒေဆိုတာကလဲ မလိုအပ်တဲ့ ဥပဒေတစ်ခုဖြစ်တယ်။ ထုတ်ပြန်ထားတဲ့ဥပဒေကလည်း တိုင်းပြည်အတွက် ဘာမှကောင်းကျိုးမဖြစ်ဘူး။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြောရရင် ကျွန်တော်တို့နိုင်ငံမှာက အစိုးရနှစ်ရပ်ဖြစ်နေတယ်။ NLD အစိုးရအနေနဲ့က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တကယ်လုပ်ချင်တယ်၊ တကယ်လည်းလုပ်နေတယ်လို့ တွေ့ရတယ်။ ကြားထဲမှာ အခက်အခဲတွေရှိနေပေမယ့် NLD အစိုးရလုပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သူတို့လုပ်လိမ့်မယ်လို့ ကျွန်တော်တို့ကတော့ ယုံကြည်ပါတယ်။ ဒါပေမဲ့ NLD မဟုတ်တဲ့ တစ်ဖက်အစိုးရအပေါ်မှာတော့ ကျွန်တော်တို့ကတော့ သံယသရှိတယ်” ဟု ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ်နှစ်လ ချမှတ်ခံခဲ့ရသည့် ကိုအောင်မှိုင်းဆန်းက ပြောကြားသည်။

ထို့ပြင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ်နှစ်လ ချမှတ်ခံခဲ့ရသည့် ကိုစိုးမိုးနိုင် (ခ) ကိုဒိန်းဒေါင်က “ကျွန်တော်တို့ဆန္ဒက ပြည်တွင်းစစ်ရပ်စဲစေချင်တယ်။ ငြိမ်းချမ်းရေးလိုလားတဲ့သူကို ငြိမ်းချမ်းရေးကိုမလိုလားတဲ့သူက ရန်ပြုမယ်။ ပြည်တွင်းစစ်နဲ့ အကျိုးစီးပွားရှာနေကြသူတွေက ပြည်တွင်းစစ်ကို မုန်းတီးနေတဲ့သူတွေကို အန္တရာယ်ပေးဒုက္ခပေးတာက ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီနေ့အမိန့်ချတာနဲ့ ပတ်သက်ပြီးပြောရရင် သိပ်ပြီးတော့ ခံစားချက်မရှိပါဘူး။ ကြုံလာရမယ်ဆိုတာ သိပြီးသားပါ” ဟု ပြောကြားသည်။

Most Read

Most Recent