တရုတ်-အရှေ့တောင်အာရှ စီးပွားရေးလုပ်ငန်းရှင်များအသင်းတွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ရန် ဖိတ်ခေါ်

တရုတ်-အရှေ့တောင်အာရှ စီးပွားရေးလုပ်ငန်းရှင်များအသင်းတွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ရန် ဖိတ်ခေါ်
Published 23 May 2018

တရုတ်-အရှေ့တောင်အာရှစီးပွားရေး လုပ်ငန်းရှင်များအသင်းတွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက်ရန် ကွမ်ရှီးပြည်နယ်မှ တာဝန်ရှိသူများက ကုန်သည်စက်မှု အသင်းချုပ်သို့ လာရောက်ဆွေးနွေးစဉ် ဖိတ်ခေါ်ခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

ကွမ်းရှီးပြည်နယ်သည် တရုတ်နိုင်ငံ OBOR စီမံကိန်း၏ အချက်အချာကျသော မြို့တစ်မြို့ဖြစ်ပြီး ကွမ်းရှီးပြည်နယ်၏ လယ်ယာထွက်ပစ္စည်းများ ကုန်ချောထုတ်လုပ်သည့်နေရာမှာ ကမ္ဘာ့အဆင့်မီ နည်းပညာများ အထူးသဖြင့် ကြံစိုက်ပျိုးနည်း၊ ထုတ်လုပ်နည်း၊ ထိန်းသိမ်းနည်း အမြောက်အမြားရှိကြောင်း၊ ထို့ပြင် ဝက်မွေးမြူရေးနည်းပညာတွင်လည်း အဆင့်မြင့်မားကြောင်း သိရသည်။

သစ်သီးရာသီချိန်တွင် တရုတ်နိုင်ငံ သရက်သီးမှာ ဇူလိုင်လကျမှသာ ထွက်ရှိပြီး မြန်မာသရက်သီးများသည် ယခုအချိန်အခါတွင် ထွက်ရှိသည့်အတွက် တရုတ်ဈေးကွက်အတွင်း တိုးဝင်နိုင်သည့် အခြေအနေတွင်ရှိနေကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွမ်းရှီးပြည်နယ်ဥက္ကဋ္ဌ Ms.Mo Changying နှင့် အဖွဲ့ဝင်များသည် တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင်ရှိသော စီးပွားရေး လုပ်ငန်းရှင်များပူးပေါင်းပြီး အစိုးရအဖွဲ့အစည်းမဟုတ်သော တရုတ်-အရှေ့တောင်အာရှ စီးပွားရေးအသင်းတစ်ခုတည်ထောင်ရန် ရှိသည့်အတွက် ကုန်သည်စက်မှုအသင်းချုပ်  ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းအား မေ ၁၈ ရက်က လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းရှင်အများအပြား ပါဝင်မည့် တရုတ်-အရှေ့တောင်အာရှအသင်းကို ဘေဂျင်းမြို့မှ တိုက်ရိုက်ထိန်းချုပ်မည်ဖြစ်ပြီး ရုံးချုပ်ကို ကွမ်ရှီးပြည်နယ်တွင် ထားရှိ၍  နိုင်ငံအနှံ့အပြားရှိ စီးပွားရေးလုပ်ငန်းများသို့ လေ့လာနိုင်သည့် အခွင့်အလမ်းများလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

အရှေ့တောင်အာရှရင်းနှီးမှုကို စိတ်ဝင်စားသော တရုတ်စီးပွားရေးကုမ္ပဏီများ ဖွဲ့စည်းထားသော အသင်းအဖွဲ့ဖြစ်ပြီး နိုင်ငံတကာ နာမည်ရ ရှောင်မီ၊ ဂျင်းတောင်၊ ဂျင်းလီ၊ ရှင်းအောင်းစသည့် နာမည်ကြီးကုမ္ပဏီ စီးပွားရေးလုပ်ငန်းရှင်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအသင်းကြီးတွင် တရုတ်နိုင်ငံနှင့် စီးပွားရေးဆက်စပ်လုပ်ကိုင်မည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များပါဝင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

ကွမ်ရှီးပြည်နယ်မှ တာဝန်ရှိသူများအား ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့်အတူ တွဲဖက်အထွေထွေအတွင်း ရေးမှူးဦးမျိုးသန့်နှင့် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ လက်ခံတွေ့ဆုံခဲ့ ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

Most Read

Most Recent