ဧရာဝဏ်နှင့် ရတနာအိမ်ရာအပါအဝင် စီမံကိန်းအချို့ကို Smart District Project အဖြစ် ကျပ်ဘီလျံ ၂၅၀ ခန့် ရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်လျက်ရှိ

ဧရာဝဏ်နှင့် ရတနာအိမ်ရာအပါအဝင် စီမံကိန်းအချို့ကို Smart District Project အဖြစ် ကျပ်ဘီလျံ ၂၅၀ ခန့် ရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်လျက်ရှိ
Published 23 May 2018

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်၊ ရတနာတန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ဧရာဝဏ်နှင့် ရတနာတန်ဖိုး မျှတအိမ်ရာစီမံကိန်းအပါအဝင် စီမံကိန်းအချို့ကို Smart District Project  အဖြစ် ကျပ်ဘီလျံ ၂၅၀ ခန့်ရင်းနှီးမြှုပ်နှံကာ အကောင်အထည်ဖော်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါစီမံကိန်းသည် စုစုပေါင်းဧရိယာ ၁၁၀၀ ခန့်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ရွှေတောင်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်ကြောင်း၊ အရှေ့ဘက်တွင် ဧရာဝဏ်လမ်း၊ အနောက်ဘက်တွင် ပဲခူးမြစ်၊ တောင်ဘက်တွင် ဆိပ်ကမ်းသာလမ်းနှင့် မြောက်ဘက်တွင် ရွှေလီလမ်းတို့ တည်ရှိသည်။

ရန်ကုန်မြို့ CBD ဧရိယာနှင့် ရှစ်မိုင်ခန့် အကွာတွင်တည်ရှိပြီး မော်တော်ကားဖြင့် သွားလာလျှင် မိနစ် ၃၀ အကွာတွင် တည်ရှိကြောင်း၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းနှင့် မော်တော်ကားဖြင့် ခရီးသွားကြာမြင့်ချိန် တစ်နာရီအတွင်း တည်ရှိသည်။

အဆိုပါစီမံကိန်းတွင်ပါဝင်သည့် မြေအသုံးချမှုနှင့် အဆောက်အအုံ အမျိုးအစားများမှာ Commercial Mixed Use, Reserved Land , Social Housing , Affordable Condominium စသည်တို့ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ ဧရာဝဏ်နှင့် ရတနာတန်ဖိုးမျှတအိမ်ရာစီမံကိန်းသည် အဆိုပါ Smart District Project အတွင်း အကောင်အထည်ဖော်နေသည့် စီမံကိန်းဖြစ်သည်။

All Inclusive  ဖြစ်စေရန် စီမံကိန်းဧရိယာအတွင်း ခရီးသည်တင်ယာဉ်ရပ်နားစခန်း၊ Shopping Center များ၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ၊ အပန်းဖြေအနားယူရန် နေရာများကိုလည်း ထည့်သွင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်း၏ ခန့်မှန်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ကျပ်ဘီလျံ ၂၅၀ ခန့်ဖြစ်ပြီး လူနေအိမ်ခန်းပေါင်း ၁၃၀၀၀ ခန့်ကို ဖော်ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်းအရ အဆိုပြုထားသော ရန်ကုန်မြို့သစ်စီမံကိန်းများတွင် မြေဧက ၅၀၀၀၀ ခန့်၌ ဒေါ်လာ ၁၅ ဒသမ ၈၅၇ ဘီလျံရင်းနှီးမြှုပ်နှံရမည့် တွံတေးနှင့် ဒလမြို့သစ်စီမံကိန်းပါဝင်ပြီး ဒလဘက်ခြမ်း သီလဝါတစ်ဖက်ကမ်းနှင့် ကွမ်းခြံကုန်းဆက်စပ် ဧရိယာတွင် လေဆိပ်သစ်၊ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ထောင်ရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါစီမံကိန်းဧရိယာသည် ရန်ကုန်တိုင်းဒေသကြီး မဟာရန်ကုန် (၁၅၀၀ စတုရန်းကီလိုမီတာ) အပါအဝင် ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး (၁၀၁၇၀ စတုရန်းကီလိုမီတာ) ဖြစ်ပြီး စီမံကိန်းရည်မှန်းနှစ်ကို ၂၀၄၀ ပြည့်နှစ်အထိ ရည်မှန်းချက်များ၊ စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပြုတင်ပြထားသည့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများအလိုက် နေရာအကျယ်အဝန်းနှင့် ခန့်မှန်းတန်ဖိုး (အမေရိကန်ဒေါ်လာ) တို့မှာ ဒဂုံအရှေ့မြို့သစ်စီမံကိန်း (၁၃၂၈၆ ဧက၊ ဒေါ်လာ ၄၃၅၅ သန်း)၊ တွံတေးနှင့် ဒလမြို့သစ်စီမံကိန်း (၄၉၇၉၉ ဧက၊ ဒေါ်လာ ၁၅၈၅၇ သန်း)၊ သန်လျင်မြို့သစ်စီမံကိန်း (၁၉၉၄၂ ဧက၊ ဒေါ်လာ ၆၅၃၇ သန်း)၊ ထန်းတပင်မြို့သစ်စီမံကိန်း (၂၆၉၂၄ ဧက ဒေါ်လာ ၈၈၃၁ သန်း)၊ မှော်ဘီမြို့သစ်စီမံကိန်း (၆၅၈၉ ဧက၊ ဒေါ်လာ သန်း ၂၁၆၀)၊ လှည်းကူးမြို့သစ်စီမံကိန်း (၆၈၀၁ ဧက၊ ဒေါ်လာ ၂၂၂၉ သန်း)၊ ဆိပ်ကမ်းနှင့် ကုန်းတွင်းပိုင်းဖွံ့ဖြိုးရေးစီမံကိန်း (၁၁၁၃၇ ဧက၊ ဒေါ်လာ ၄၆၂၁ သန်း) စသည် တို့ပါဝင်ကြောင်း သိရသည်။

 

Most Read

Most Recent