နှစ်နိုင်ငံနယ်စပ်စည်းမျဉ်းအနီး ARSA အကြမ်းဖက်အဖွဲ့များ ရောနှောဝင်ရောက်နေခြင်း၊ နေထိုင်သူများ တရားမဝင်တိုးပွားလာမှုကို သတင်းဖလှယ်မှုမရှိခြင်းသည် သတ်မှတ်ချက်များကို ချိုးဖောက်ရာရောက်ကြောင်း နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာကန့်ကွက်

နှစ်နိုင်ငံနယ်စပ်စည်းမျဉ်းအနီး ARSA အကြမ်းဖက်အဖွဲ့များ ရောနှောဝင်ရောက်နေခြင်း၊ နေထိုင်သူများ တရားမဝင်တိုးပွားလာမှုကို သတင်းဖလှယ်မှုမရှိခြင်းသည် သတ်မှတ်ချက်များကို ချိုးဖောက်ရာရောက်ကြောင်း နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာကန့်ကွက်
Published 22 May 2018

နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေး ကျင်းပပြုလုပ်မှုကို တွေ့ရစဉ် (ဓာတ်ပုံ - သတင်းထုတ်ပြန်ရေး ကော်မတီ)

နေထိုင်ခွင့်မရှိသည့် နှစ်နိုင်ငံနယ်စပ် စည်းမျဉ်းအနီး ARSA အကြမ်းဖက်အဖွဲ့များ ရောနှောဝင်ရောက်နေသည့် နေထိုင်သူများ တရားမဝင်တိုးပွားလာမှုကို သတင်းဖလှယ်မှုမရှိခြင်းသည် နှစ်နိုင်ငံနယ်နိမိတ် စာချုပ်၏ သတ်မှတ်ချက်များကို ချိုးဖောက်ရာရောက်ကြောင်း နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံက ကန့်ကွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သည်။

မေ ၁၆ ရက်က တောင်ပြိုလက်ဝဲ ဝင်ထွက်တံတားအနီးပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာဘက်က ယင်းကဲ့သို့ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သော မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး၏ ပြောကြားမှုများအရ နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းအနီးတွင် မေ ၆ ရက် မှ မေ ၈ ရက်အတွင်း ယာယီတဲအသစ်ရှစ်လုံး ဆောက်လုပ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ဖော်ပြထားသည်။

မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူးက နှစ်နိုင်ငံနယ်စပ်စည်းမျဉ်းအနီး နေထိုင်ခွင့်မရှိသောနေရာတွင် လူဦးရေ၊ အိမ်ထောင်စုများ တရားမဝင်တိုးပွားလာမှုကို သတင်းဖလှယ်မှုမရှိခြင်းသည် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော နယ်နိမိတ်စာချုပ်ပါ သတ်မှတ်ချက်များကို ချိုးဖောက်ရာ ရောက်သဖြင့် မြန်မာနိုင်ငံဘက်က တရားဝင်ကန့်ကွက်ကြောင်းနှင့် ARSA အကြမ်းဖက်အဖွဲ့များပါ ရောနှောဝင်ရောက်လာကြောင်း သိရသဖြင့် ကာကွယ်တားဆီးပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တရားဝင်ကန့်ကွက်မှုအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ရင်းမှူးက နေရပ်စွန့်ခွာသူများသည် ကမ္ဘာ့အဖွဲ့အစည်းများ၏ ထောက်ပံ့ပေးမှုကြောင့် ရပ်တည်နေခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်ဖြစ်စဉ်အပြီး ပြောင်းရွှေ့ဒုက္ခသည်များသည် ယခုအချိန်ထိ နယ်နိမိတ်စည်းမျဉ်းအတွင်း နေထိုင်လျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ထောက်ပံ့ပေးခဲ့မှုမရှိကြောင်း၊ ကမ္ဘာ့အဖွဲ့အစည်းများအနေဖြင့် ထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ကန့်ကွက်၍မရကြောင်း စသည်ဖြင့် ပြန်လည်ဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် နှစ်နိုင်ငံနယ်စပ်၌ ဘင်္ဂါလီများ နေထိုင်လျက်ရှိပြီး မြန်မာအစိုးရအနေဖြင့် နယ်စပ်အား စောင့်ကြည့်ကာ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent