လေကြောင်းထိန်းမျှော်စင်၏ ညွှန်ကြားချက်အားဆန့်ကျင်ကာ Emirates လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ရန်ကုန်မြို့ပေါ်သို့ အနိမ့်ဖြတ်ပျံသန်းခဲ့မှု ဖြစ်ပွား

လေကြောင်းထိန်းမျှော်စင်၏ ညွှန်ကြားချက်အားဆန့်ကျင်ကာ Emirates လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ရန်ကုန်မြို့ပေါ်သို့ အနိမ့်ဖြတ်ပျံသန်းခဲ့မှု ဖြစ်ပွား
Published 22 May 2018

မေ ၂၀ရက် ညနေက ယူအေအီးနိုင်ငံ Emirates  လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လေကြောင်းထိန်းမျှော်စင်၏ ညွှန်ကြားချက်အား ဆန့်ကျင်ကာ ရန်ကုန်မြို့ပေါ်သို့ အနိမ့်ဖြတ်ပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။

Emirates လေကြောင်းလိုင်းမှ ဘိုးရင်း 770 – 300ER လေယာဉ်၊ ခရီးစဉ်အမှတ် EK 388 သည် မေ ၂၀ ရက် ည  ၆ နာရီ ၅၅ မိနစ်ခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေယာဉ်ဖြတ်ကျော်ပျံသန်းရန် တားမြစ်ကန့်သတ်ဧရိယာဖြစ်သည့် ရန်ကုန်မြို့ပေါ်သို့ အနိမ့်ဖြတ်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ Emirates  လေယာဉ် အနိမ့်ဖြတ်ပျံသန်းမှုအား ရန်ကုန်မြို့ရှိ စမ်းချောင်း၊ အလုံနှင့် ကြည့်မြင့်တိုင်မြို့နယ်များမှ ပြည်သူအချို့ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ Emirates လေကြောင်းလိုင်းမှ လေယာဉ်သည် မင်္ဂလာဒုံလေဆိပ်မှ ထွက်ခွာပျံသန်းစဉ် ရာသီဥတုအနေအထားကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လေကြောင်း ထိန်းမျှော်စင်မှ ပျံသန်းရန်ညွှန်ကြားသည့် လမ်းကြောင်းကို ဆန့်ကျင်ပျံသန်းခဲ့သဖြင့် ယခုကဲ့သို့ တားမြစ်ဧရိယာထဲသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဓိက,ကတော့ Bad Weather ရှောင်တာ။ ရှောင်ရင်းနဲ့ လေကြောင်းထိန်း မျှော်စင်က ညာဘက်ကို ချိုးခိုင်းတာ။ လေယာဉ်မှူးက ဘယ်ဘက်ကိုချိုးသွားလို့ တားမြစ်ဧရိယာထဲရောက်သွားတာ။ ရန်ကုန်မြို့ပေါ် အလုံတို့၊ ကြည့်မြင်တိုင်တို့ကိုဖြတ်ပြီးမှ နဂိုမူလလမ်းကြောင်းထဲကို ပြန်ဝင်သွားတာ” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ ယူအေအီးနိုင်ငံပိုင် Emirates  လေကြောင်းလိုင်းမှ လေယာဉ်မှာ ရန်ကုန်မြို့၏ Prohibited Area (ဖြတ်ကျော်ပျံသန်းခြင်း မပြုရမည့်ဇုန်) အား ဖြတ်ကျော်ပျံသန်းခဲ့ခြင်းကြောင့် နာမည်ကျော် အကြမ်းဖက်မှုတစ်ခုဖြစ်သည့် အမေရိကန်ပြည်ထောင်စု 9/ 11 တိုက်ခိုက်မှုကဲ့သို့ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်း၊ နာမည်ကျော်ရွှေတိဂုံစေတီနှင့် ရန်ကုန်မြို့တွင် နေထိုင်သူများအတွက် လုံခြုံရေးစီမံမှုများ ပိုမိုချမှတ်သင့်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြခဲ့ကြသည်။

အစွန်းရောက်အကြမ်းဖက်သမားများ တိုက်ခိုက်ခဲ့သည့် နာမည်ကျော်  9 / 11 တိုက်ခိုက်ခံရသည့် ဖြစ်စဉ်မှာ အကြမ်းဖက်သမားများက လေယာဉ်ကိုအပိုင်စီးကာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံတစ်ခုတွင် အပါအဝင်ဖြစ်သည့် World Trade Centre အား ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ဝင်တိုက်မှုကြောင့် လူအများအပြား သေဆုံးခဲ့ရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ဆင်းတက်ပျံသန်းသော လေယာဉ်များအား ရန်ကုန်မြို့၏ Prohibited Area (ဖြတ်ကျော် ပျံသန်းခြင်းမပြုရမည့်ဇုန်) အနေဖြင့် ရှစ်မိုင် စစ်ရုံးအနီးမှ ရန်ကုန်မြို့လယ် ရွှေတိဂုံစေတီတော်ဝန်းကျင်အထိ ကန့်သတ်ထားခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့  Emirates  လေကြောင်းလိုင်းပိုင် ဘိုးရင်းလေယာဉ် ရန်ကုန်မြို့၏ တားမြစ်ကန့်သတ်ဧရိယာအား ဖြတ်ကျော်ပျံသန်းခဲ့သဖြင့် လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ရေဒါမှတ်တမ်းများအား ပြန်လည်စစ်ဆေးနေပြီး လေယာဉ်မှူးမှားယွင်းပါက အရေးယူမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent