၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ဇွန် ၂ ရက်တွင် ကြေညာမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုချက် မရရှိသေး

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ဇွန် ၂ ရက်တွင် ကြေညာမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုချက် မရရှိသေး
Published 22 May 2018

၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသားကျောင်းသူများအား တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ၂၀၁၈ ခုနှစ် ဇွန် ၂ ရက်တွင် ထွက်ရှိမည်ဟု လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာမှုနှင့် စပ်လျဉ်း၍ ယင်းကဲ့သို့ သတင်းများ ပေါ်ထွက်နေသော်လည်း အောင်စာရင်းထွက်ရှိမည့်နေ့အား ပညာရေး ဝန်ကြီးဌာနမှ အတည်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ သတ်မှတ်ကြေညာမည့်ရက်အား လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့လေ့ရှိသော်လည်း အောင်စာရင်းများမှာ နှစ်စဉ် ဇွန်လ ပထမပတ် ဝန်းကျင်၌ ထွက်ရှိလေ့ရှိသည်။

“အောင်စာရင်းထွက်မယ့်ရက်က အခုချိန်ထိ မသတ်မှတ်ရသေးပါဘူး။ အောင်စာရင်းကိစ္စတွေက အခုချိန်ထိ စိစစ်နေဆဲ အခြေအနေပဲ ရှိပါသေးတယ်။ ဒါကြောင့် အောင်စာရင်းထွက်မယ့်ရက်ကို အခုချိန်မှာ ပြောလို့မရနိုင်သေးပါဘူး” ဟု ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများကို နှစ်စဉ် ဧပြီ ၁ ရက်မှ ဧပြီ ၁၀ ရက်အထိ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များဖြစ်သည့် ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်စသော မြန်မာတစ်နိုင်ငံလုံးရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ၁၀ ခု၌ စစ်ဆေးခြင်းဖြစ်သည်။ အဆိုပါ အဖြေလွှာ စစ်ဆေးရန်အတွက် သက်ဆိုင်ရာ ဘာသာရပ်အလိုက် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ဆရာ၊ ဆရာမများဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒမေးခွန်းတွင် သင်ရိုးညွှန်းတမ်းထဲမှ ပယ်ဖျက်ထားသည့် သင်ခန်းစာအချို့အား ထည့်သွင်းမေးမြန်း ထားခဲ့သည့်အပေါ် စာဖြေသူများ နစ်နာမှု မရှိစေရေးအတွက် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အောင်စာရင်းတွေ ထွက်တော့မယ်ဆိုတော့ အရမ်းစိတ်လှုပ်ရှားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီနှစ်မှာ မေးသွားတဲ့ အထဲမှာ အင်္ဂလိပ်စာနဲ့ ဓာတုဗေဒ ဘာသာရပ်တွေက မေးခွန်းသတ်တဲ့အထဲ ပါနေတော့ အဲဒီဘာသာရပ်တွေအတွက် စိတ်လှုပ်ရှားမိပါတယ်။ အမှတ်တွေ ပြန်ဖြည့်ပေးမယ်လို့တော့ သိပေမယ့် အောင်စာရင်း ထွက်မလာမချင်းတော့ စိတ်မအေး နိုင်သေးပါဘူး။ စာမေးပွဲမှာ နှစ်ဘာသာ ထိထားတော့ စိုးရိမ်စိတ်တော့ ဖြစ်မိပါတယ်” ဟု ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသူ ကျောင်းသူတစ်ဦးက ပြောကြားသည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၇ ရက်၌ မြန်မာစာ၊ မတ် ၈ ရက်၌ အင်္ဂလိပ်စာ၊ မတ် ၉ ရက်၌ သင်္ချာ၊ မတ် ၁၂ ရက်၌ ဓာတုဗေဒ/စိတ်ကြိုက်မြန်မာစာ၊ မတ် ၁၃ ရက်၌ ရူပဗေဒ၊ မတ် ၁၄ ရက်၌ ဇီဝဗေဒ/ဘောဂဗေဒ၊ မတ် ၁၅ ရက်၌ ပထဝီဝင်၊ မတ် ၁၆ ရက်၌ သမိုင်း စသည့်ဘာသာရပ်များအား နံနက် ၉ နာရီမှ ၁၂ နာရီအထိ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ စာစစ်ဌာနများကို နိုင်ငံခြား စာစစ်ဌာန ၂၁ ခုအပါအဝင် တစ်နိုင်ငံလုံး၌ စာစစ်ဌာနပေါင်း ၁၇၄၂ ခု ဖွင့်လှစ်စစ်ဆေးခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူများအနက် ၇၈၉,၈၈၃ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။

 

Most Read

Most Recent