မူလဥပဒေကို အတည်ပြုပြဋ္ဌာန်းထုတ်ပြန်ပြီးပါက နည်းဥပဒေကို အချိန်နှင့်တစ်ပြေးညီ ရေးဆွဲထုတ်ပြန် ကျင့်သုံးပေးရန် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်အတည်ပြု

မူလဥပဒေကို အတည်ပြုပြဋ္ဌာန်းထုတ်ပြန်ပြီးပါက နည်းဥပဒေကို အချိန်နှင့်တစ်ပြေးညီ ရေးဆွဲထုတ်ပြန် ကျင့်သုံးပေးရန် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်အတည်ပြု
Published 22 May 2018

မူလဥပဒေကို အတည်ပြုပြဋ္ဌာန်းထုတ်ပြန်ပြီးပါက နည်းဥပဒေကို အချိန်နှင့်တစ်ပြေးညီ ရေးဆွဲထုတ်ပြန်ကျင့်သုံးပေးရန် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

နေပြည်တော်၌ မေ ၂၁ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ပြည်ထောင်စုလွှတ်တော်မှပြဋ္ဌာန်း၍ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ပြီးသည့် မူလဥပဒေများကို နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် အကောင်အထည်ဖော် ကျင့်သုံးကြရမည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ တစ်ဆင့်ခံဥပဒေဖြစ်သည့် နည်းဥပဒေများကို အချိန်နှင့်တစ်ပြေးညီ ရေးဆွဲထုတ်ပြန်ကျင့်သုံးပေးပါရန် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရှစ်ဦးက ဆွေးနွေးခဲ့ကြပြီး လွှတ်တော်အဆုံးအဖြတ်ရယူ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“ဒီမိုကရေစီစနစ်ဆိုတာ ဥပဒေအရ အုပ်ချုပ်ရတဲ့ စနစ်ဖြစ်တဲ့အတွက် မူရင်းဥပဒေက နည်းဥပဒေလိုနေပါလျက် ပြဋ္ဌာန်းကျင့်သုံးမှုမရှိဘူးဆိုရင် ဥပဒေက အသက်မဝင်ဘဲ သေနေသလိုဖြစ်နေတဲ့အတွက် အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ နှေးကွေးသလို ဖြစ်နေပါမယ်။ နောက်ဆက်တွဲဆိုးကျိုးက အစိုးရရဲ့ ဆောင်ရွက်ချက်တွေ ထိရောက်မှု အားနည်းပြီး နှေးကွေးတဲ့ဖြစ်စဉ်တစ်ခုကို ဆိုက်ရောက်သွားလိမ့်မယ်။ ယခုအချိန်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံကြီးကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်အောင် အရောက်လှမ်းနေချိန်ဖြစ်တဲ့အတွက် တိုင်းပြည်မှာ ကောင်းသောအုပ်ချုပ်ရေးဆီကို ကြိုးပမ်းဆောင်ရွက်နေချိန်ဖြစ်လို့ လိုအပ်တဲ့ဥပဒေ၊ နည်းဥပဒေတွေကို ပြည့်ပြည့်၀၀ကျင့်သုံးနိုင်မှ ထိထိရောက်ရောက် အောင်မြင်မှာဖြစ်တယ်” ဟု ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က အဆိုနှင့်ပတ်သက်ပြီး ဆွေးနွေးချိန်တွင် ပြောကြားခဲ့သည်။

အဆိုပါအဆိုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရှစ်ဦးက ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယ ရှေ့နေချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးကာ လွှတ်တော်အဆုံးအဖြတ် ရယူအတည်ပြုခဲ့ခြင်း ဖြစ်သည်။

“ဥပဒေအားလုံးဟာ နည်းဥပဒေရေးဆွဲဖို့ လိုအပ်မှာမဟုတ်ဘဲနဲ့ တချို့သောဥပဒေတွေအတွက်ကတော့ တစ်ဆင့်ခံဥပဒေတွေဖြစ်တဲ့ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပြုလုပ်နေမှာဖြစ်ပြီး တချို့သောဥပဒေတွေကတော့ နည်းဥပဒေထုတ်ပြန်ပြီး ကျင့််သုံးမှသာလျှင် သူ့ရဲ့ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်တယ်” ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်က ပြောကြားသည်။

ယင်းအဆိုကို မေ ၁၅ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဝေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent