မြန်မာလုံခြုံရေးတပ်များက ဘင်္ဂါလီများအား မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား လူမနေသည့် ကမ်းမြောင်ဒေသမှ ထွက်ခွာသွားရန် လော်စပီကာများဖြင့် သတိပေးမှု ပြန်လည်ပြုလုပ်

မြန်မာလုံခြုံရေးတပ်များက ဘင်္ဂါလီများအား မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား လူမနေသည့် ကမ်းမြောင်ဒေသမှ ထွက်ခွာသွားရန် လော်စပီကာများဖြင့် သတိပေးမှု ပြန်လည်ပြုလုပ်
Published 22 May 2018

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား လူမနေသည့် ကမ်းမြောင်ဒေသမှနေ၍ ချက်ချင်းထွက်ခွာသွားရန် အမိန့်ပေးသည့် လော်စပီကာများဖြင့် ထုတ်လွှင့်မှုကို မြန်မာလုံခြုံ ရေးတပ်များက မေ ၂၀ ရက်တွင် ပြန်လည်ပြုလုပ်ခဲ့ကြောင်း ဒုက္ခသည်များက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသော ဘင်္ဂါလီဒုက္ခသည် ၇၀၀,၀၀၀ အနက် အများစုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စခန်းများတွင် နေထိုင်နေကြသော်လည်း ပမာဏ အနည်းငယ်သည် နှစ်နိုင်ငံအကြား နယ်စပ်ရှိ ကြားခံနယ်မြေတစ်ခု၌ နေထိုင်လျက်ရှိသည်။

အဆိုပါဒေသ၌ သောင်တင်နေသော ဘင်္ဂါလီများကို ယင်းနေရာမှ ချက်ချင်းထွက်ခွာ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ဝင်ရောက်ရန် အမိန့်ပေးသည့် လော်စပီကာများဖြင့် ထုတ်လွှင့်မှုကို ရပ်ဆိုင်းရန် မြန်မာနိုင်ငံက ဖေဖော်ဝါရီလအတွင်း သဘောတူခဲ့သည်။

မြန်မာတပ်မတော်သည် သံဆူးကြိုး ကာရံထားသည့် အခြားဘက်တွင် စခန်းချ နေထိုင်လျက်ရှိသော ဒုက္ခသည်များနှင့် နီးကပ်သည့် နေရာမှ တပ်ဖွဲ့ဝင်အချို့ကိုလည်း ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

သို့သော် ယခုသီတင်းပတ်အကုန်တွင် သတိပေးခြင်းမရှိဘဲ လော်စပီကာဖြင့် ထုတ်လွှင့်မှုများကို ပြန်လည်ပြုလုပ်ခဲ့သည်ဟု ဘင်္ဂါလီ အသိုင်းအဝိုင်းခေါင်းဆောင်များက ပြောကြားခဲ့သည်။ ယင်းသည် နယ်ခြားဒေသ ကန့်သတ်ဇုန်၌ တင်းမာမှုများ ပိုမိုကြီးထွားအောင် ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့ မနေ့က အကြိမ်ပေါင်းများစွာ ထုတ်လွှင့်ပါတယ်။ ဒီမနက်မှာလည်း ထပ်ပြီးလွှင့်ပါတယ်။ ဒါက သိပ်ကို စိတ်အနှောင့်အယှက်ဖြစ်ရပြီး နာကြည်းအောင်လုပ်နေတာပါ” ဟု ယင်းဒေသ၌ နေထိုင်နေသည့် ဘင်္ဂါလီ ခေါင်းဆောင်တစ်ဦးဖြစ်သော မိုဟာမက်အရစ်က ပြောကြားခဲ့သည်။

အဆိုပါထုတ်လွှင့်မှုများကို မြန်မာဘာသာစကားဖြင့်လည်းကောင်း၊ ဘင်္ဂါလီဘာသာစကားဖြင့်လည်းကောင်း ထုတ်လွှင့်ခဲ့ပြီး မြန်မာနိုင်ငံ၏ တရားစီရင်ရေးလက်အောက်၌ရှိသော နေရာမှနေ၍ ထွက်ခွာသွားခြင်း မပြုပါက တရားစွဲဆိုမှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးခြင်းဖြစ်သည်။

ဒေသခံ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့မှ စစ်ဦးစီးမှူးတစ်ဦးဖြစ်သော ဒုတိယ ဗိုလ်မှူးကြီး မန်ဇူရူးဟက်ဆန်ခန်းက ယင်းအနေအထားကို ၎င်းတို့အနေဖြင့် အနီးကပ် စောင့်ကြည့်နေသည်ဟု ပြောကြားခဲ့သည်။

“သူတို့က စခန်းအနီးက နယ်စပ်ခြံစည်းရိုးတွေတစ်လျှောက်က သစ်ပင်တွေမှာ လော်စပီကာတွေ ချည်ထားတာ ကျွန်တော်တို့ သတိပြုမိပါတယ်” ဟု ဟက်ဆန်ခန်းက ပြောကြားခဲ့သည်။

Ref; AFP

Most Read

Most Recent