ကန့်ဘလူမြို့နယ်တွင် သိမ်းဆည်းယာမြေများ ပြန်လည်ရရှိရေး ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ခြင်းကြောင့် တောင်သူငါးဦးအပေါ် ပုဒ်မ ၆ (၁) အပါအဝင် ပုဒ်မသုံးခုဖြင့် အမှုဖွင့်ဖမ်းဆီး တရားစွဲဆိုထားမှုကို အမြန်ဆုံး ပယ်ဖျက်ပေးရေး ဒေသခံတောင်သူများ သတင်းစာရှင်းလင်း

ကန့်ဘလူမြို့နယ်တွင် သိမ်းဆည်းယာမြေများ ပြန်လည်ရရှိရေး ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ခြင်းကြောင့် တောင်သူငါးဦးအပေါ် ပုဒ်မ ၆ (၁) အပါအဝင် ပုဒ်မသုံးခုဖြင့် အမှုဖွင့်ဖမ်းဆီး တရားစွဲဆိုထားမှုကို အမြန်ဆုံး ပယ်ဖျက်ပေးရေး ဒေသခံတောင်သူများ သတင်းစာရှင်းလင်း
Published 22 May 2018

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် လယ်ဆည်ဝန်ကြီးဌာန က သိမ်းဆည်းထားသည့် ယာမြေများ ပြန်လည်ရရှိရေး မြေမွန်နှင့် ဘူးကုန်းကျေးရွာ ဒေသခံ တောင်သူများက ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ခြင်းကြောင့် တောင်သူငါးဦးအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၇၊ ၄၂၇၊ ပုဒ်မ ၆ (၁) တို့ဖြင့် အမှုဖွင့်ဖမ်းဆီး တရားစွဲဆိုထားမှုကို အမြန်ဆုံးပယ်ဖျက်ပေးရန် အတွက် ဖမ်းဆီးခံထားရသည့် တောင်သူများ၏ မိသားစုဝင်များက မေ ၂၁ ရက် နံနက်ပိုင်းက မန္တလေးမြို့သို့ လာရောက်၍ သတင်းစာရှင်းလင်း ခဲ့ကြသည်။

လက်ရှိအချိန်၌ ပုဒ်မသုံးခုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အချုပ်နှင့် အမှုရင်ဆိုင် နေရသည်မှာ တစ်နှစ်ခန့် ကြာမြင့်လာပြီ ဖြစ်သောကြောင့် ဒေသခံတောင်သူများမှာ အခက်အခဲမျိုးစုံတို့ဖြင့် ကြုံတွေ့နေရသဖြင့် စွဲဆိုထားသော ပုဒ်မများကို အမြန်ဆုံးပယ်ဖျက်ပေးရန်နှင့် သိမ်းဆည်းယာမြေများ ပြန်လည်ရရှိရေးအတွက် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် တောင်သူများ၏ မိသားစုဝင်များက  ရှင်းလင်းပြောကြား ခဲ့ကြသည်။

ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့မှုကြောင့် ဖမ်းဆီးတရားစွဲဆိုခြင်း ခံထားရသည့် ဒေသခံ တောင်သူငါးဦး၏ မိသားစုဝင်များနှင့် ဒေသခံတောင်သူများက ကနဦးအနေဖြင့် ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခြင်း ခံခဲ့ရပြီးနောက် အမှုရုံးချိန်း သွားရောက်ရင်ဆိုင်ရာတွင် ဒေသခံတောင်သူ ငါးဦးတို့အား ပုဒ်မ ၆ (၁) ဖြင့် ထပ်မံတရားစွဲဆိုခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရကာ ရွှေဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရကြောင်း၊ ရွှေဘိုအကျဉ်းထောင်မှ ကန့်ဘလူမြို့နယ် တရားရုံးသို့ ရုံးထုတ်ရာတွင် လမ်းခရီး ဝေးကွာလွန်းခြင်း၊ ဒေသခံတောင်သူများအတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့သဖြင့် ရွှေဘိုမြို့နယ် တရားရုံးသို့ ရုံးပြောင်းလျှောက်ထားခဲ့ကာ လက်ရှိအချိန်တွင် အမှုအား ရွှေဘိုမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင် နေရဆဲဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ အဆိုပါ တောင်သူငါးဦး၏ အမှုကို မေ ၂၅ ရက်တွင် ရွှေဘိုမြို့နယ် တရားရုံးတွင် ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

“ပုဒ်မ ၆ (၁) နဲ့ အမှုဖွင့်ဖမ်းဆီးခံထားရတာ တစ်နှစ်ပြည့်တော့မယ်။ အမှုက ဘာမှ ထူးခြားမလာသေးဘူး။ တောင်သူတွေက အရမ်းနစ်နာနေရတယ်။ မိသားစုဝင်တွေကလည်း ယာမြေတွေ အသိမ်းခံထားရတဲ့အပြင် ထောင်ထဲက တောင်သူတွေ အတွက်ပါ ရုန်းကန်နေကြရတယ်။ ကြုံရာအလုပ်တွေပဲ လုပ်နေကြရတာပါ။ အခက်အခဲတွေ အများကြီး ကြုံနေရပါတယ်။ ဒါကြောင့် စွဲဆိုထားတဲ့ ပုဒ်မတွေကို အမြန်ဆုံး ပယ်ဖျက်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ တောင်သူတွေရဲ့ အခက်အခဲတွေကို ကူညီပေးစေချင်ပါတယ်။ သိမ်းဆည်းယာမြေတွေ ပြန်ရဖို့အတွက် သက်ဆိုင်ရာ ဌာနတွေကို စာတွေတင်ပြခဲ့ပေမဲ့ ဘာမှမထူးခြားသေးပါဘူး။ သိမ်းဆည်းယာမြေတွေကိုလည်း အမြန်ဆုံးပြန်လည် ရချင်ပါတယ်” ဟု ဖမ်းဆီးခံထားရသည့် တောင်သူများ၏ မိသားစုဝင်များက ပြောကြားသည်။

သိမ်းဆည်းယာမြေများအတွင်း ဝင်ရောက်၍ ထွန်တုံးတိုက်ပွဲ ပြုလုပ်သည်ဟုဆိုကာ ဒေသခံတောင်သူ ငါးဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် ကနဦး အမှုဖွင့်ခဲ့သဖြင့် အာမခံဖြင့် အမှုရင်ဆိုင်ခဲ့ရာ ၂၀၁၇ ခုနှစ် မေ ၂၉ ရက်တွင် ပုဒ်မ ၆(၁) ဖြင့် တရားလိုဘက်မှ ထပ်မံအမှုဖွင့်သဖြင့် အာမခံမရဘဲ တောင်သူငါးဦးမှာ ဖမ်းဆီးခံခဲ့ရကြောင်း အမှုအား အခမဲ့လိုက်ပါ ဆောင်ရွက် ပေးနေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။

ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာပိုင် ကွင်းအမှတ် (၈၅၂)၊ ကွင်းအမှတ် (၈၅၄) တို့မှ ယာမြေဧက ၁၁၂၉ ဧကအား ၁၉၈၀ ခုနှစ်ကျော် ကာလများအတွင်းက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက သိမ်းဆည်းသွားခဲ့ကြောင်း ယင်းသို့သိမ်းဆည်း သွားခဲ့သော်လည်း ဒေသခံ တောင်သူများကို မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေး တစ်စုံတစ်ရာ ပေးလျော်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ ယာမြေများ သိမ်းဆည်းခံခဲ့ရပြီးနောက် ဒေသခံတောင်သူများမှာ လုပ်ကိုင်စားသောက်ရန် ခက်ခဲသွားခဲ့သဖြင့် သိမ်းဆည်းယာမြေများ ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာ အစိုးရဌာနများသို့ စာပေးပို့ အသနားခံခဲ့သော်လည်း ထူးခြားမှု မရှိခဲ့သဖြင့် ၂၀၁၇ ခုနှစ် ဧပြီလအတွင်းက ယာမြေများ ပြန်လည်ရရှိရန်အတွက် ကန့်ဘလူခရိုင် အထွေထွေအုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့တို့ထံသို့ အကြောင်းကြားစာပေးပို့၍ အဆိုပါ သိမ်းဆည်းယာမြေများအတွင်း မျိုးစေ့ချ စိုက်ပျိုးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။

ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာနှင့် ဘူးကုန်းကျေးရွာမှ ဒေသခံတောင်သူများ ပိုင်ဆိုင်သည်ဆိုသည့် ယာမြေဧက ၁၃၀၀ ကျော် ကို ၁၉၈၀ ခုနှစ်ကျော်အတွင်းက သိမ်းဆည်းခဲ့ပြီးနောက် ယခင်အစိုးရ လက်ထက်တွင် ၁၈၅ ဧကအား ပြန်လည်စွန့်လွှတ်ခဲ့ကြောင်း၊ သို့သော် ကျန်ရှိနေသည့် ယာမြေဧက ၁၁၂၉ ဧကအား ပြန်လည်စွန့်လွှတ်ပေးခြင်း မရှိသဖြင့် ဒေသခံတောင်သူများက အစိုးရဌာနများသို့ စာပေးပို့ အသနားခံခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါ သိမ်းဆည်းယာမြေများအနက် ယာမြေဧက ၄၁၀ ခန့်အား ဒေသခံတောင်သူများကို လုပ်ပိုင်ခွင့်မပြုဘဲ အခြားကုမ္ပဏီတစ်ခုသို့ လုပ်ကိုင်ခွင့် ချပေးမည် ဆိုသဖြင့် ဒေသခံတောင်သူများက ယင်းတို့၏ ဘိုးဘွားပိုင်ယာမြေများ ပြန်လည် ရရှိရေးအတွက် မျိုးစေ့ချ စိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတောင်သူများထံမှ စုံစမ်းသိရသည်။

 

Most Read

Most Recent