မြန်မာ-ထိုင်းနယ်စပ် ဒေါနတောင်ကျော်လမ်းတွင် MoU လုပ်သားများ တင်ဆောင်လာသည့် ခရီးသည်ကား မီးလောင်မှုဖြစ်ပွားပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့၍ အသက်ဆုံးရှုံးမှုမရှိဟုဆို

မြန်မာ-ထိုင်းနယ်စပ် ဒေါနတောင်ကျော်လမ်းတွင် MoU လုပ်သားများ တင်ဆောင်လာသည့် ခရီးသည်ကား မီးလောင်မှုဖြစ်ပွားပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့၍ အသက်ဆုံးရှုံးမှုမရှိဟုဆို
Published 22 May 2018

မီးလောင်ကျွမ်း ပျက်စီးသွားသည့်ယာဉ်အား မေ ၂၁ ရက်က တွေ့ရစဉ်

MoU လုပ်သားများ တင်ဆောင်လာသည့် ခရီးသည်ကားသည် ဒေါနတောင်ကျော်လမ်း ကော့ကရိတ်ရဲစခန်းမှ ခုနစ်မိုင်ခန့် အကွာတွင် မေ၂၁ ရက် နံနက် ၃ နာရီခန့်က မီးလောင်မှုဖြစ်ပွားပြီး မည်သည့်ပစ္စည်းမှ မယူခင်ဘဲ ကိုယ်လွတ်ထွက်ပြေးရသော်လည်း တစ်စုံတစ်ဦး အသက်ဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်း နယ်စပ် မြဝတီ ကော့ကရိတ် ဒေါနတောင်ကျော်လမ်း မိုင်တိုင်အမှတ် ၁၅၄-၁၅၅ ကီလိုမီတာကြား နတ်စင်ကွေ့တွင် မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ကော့ကရိတ် မီးသတ်တပ်ဖွဲ့မှမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးဇော်နှင့် အဖွဲ့သည် ယာဉ်ထိန်းရဲတပ်စု (၇၁) ရဲအုပ် သန်းနိုင်ရွှေ ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ သက်ဆိုင်ရာမှ စစ်ဆေးရာ မေ၂၁ ရက် နံနက် ၃ နာရီအချိန် ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ ယာဉ်မောင်းသိန်းအေး မေတ္တာလင်မြိုင် မြဝတီမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် BB/5714 ဟိုက်အေ့စ်ယာဉ်သည် အခင်းဖြစ်နေရာ အရောက်တွင် ညာဦးခေါင်း၌ ဝိုင်ယာရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်ရန် မြန်မာအိပ်စပတတ်စ်အေဂျင်စီဖြင့် MoU လုပ်သားအဖြစ် တရားဝင် အလုပ်သွား လုပ်ကြမည့်သူများ ဖြစ်ကြောင်း သိရသည်။

ယာဉ်ပေါ်ပါလာသူ ခရီးသည် (MoU လုပ်သား) များက ဝိုင်းဝန်းငြှိမ်းသတ် ကြသော်လည်း မရ၍ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် တစ်စီးဖြင့် ငြှိမ်းသတ်ခဲ့ရသည်။

ယာဉ်ပေါ်ပါသူ ယာဉ်မောင်းနှင့် ခရီးသည်များမှာ တစ်ဦးတစ်ယောက်မှာ ဒဏ်ရာရရှိခြင်း မရှိခဲ့သော်လည်း မီးလောင်ကျွမ်းမှုကြောင့် ယာဉ်တစ်စီးလုံး မီးလောင်ပျက်စီး သွားခဲ့သလို MoU လုပ်သား ခရီးသွားများ၏ ခရီးဆောင်အိတ်များမှာ ယူချိန်မရလိုက်ဘဲ ဆုံးရှုံးသွားခဲ့ရသည် ဟုဆိုသည်။

ယာဉ်ပေါ်ပါခဲ့သူ တစ်ဦးက “ကားညှော်နံ့ရပြီး မီးခိုးတွေ ထွက်လာတော့ ကားဆရာက လမ်းဘေး ချရပ်လိုက်တယ်။ ကားပေါ်ကဆင်းကြတယ်။သိပ်မကြာလိုက်ဘူး။ ဝုန်းဆိုထလောင်တာပါပဲ။ အထုပ်တွေကို ခေါင်မိုးပေါ် ကြိုးချည်ထားတော့ ယူချိန်မရလိုက်ပါဘူး။ အားလုံးပါသွားတယ်။ အဝတ်အစား၊ ပိုက်ဆံကအစ ပါသွားတာပါပဲ” ဟုပြောကြားသည်။

သို့ဖြစ်၍ ပေါ့ဆစွာမောင်းနှင်၍ မီးလောင်ကျွမ်းစေသူ သိန်းအေး ၄၃ နှစ်အား ကော့ကရိတ် မြို့မရဲစခန်းမှ (ပ) ၂၂၂/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ ပြီးခဲ့သည့် ဧပြီလကလည်း ထိုင်းနိုင်ငံ မဲဆောက်- ဘန်ကောက် အဝေးပြေးလမ်းမ ကီလိုမီတာ ၆၀ အနီးတွင် ခရီးသည်ကားတစ်စီး မီးလောင်ကျွမ်းမှုကြောင့် မြန်မာ MoU လုပ်သား ၂၀ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent