ဓညဝတီ ရှေးဟောင်းဇုန်အတွင်း ကျရောက်သည့် ကျောက်တော်-မြောက်ဦး ရထားလမ်းပိုင်း ပြန်လည် ဖျက်သိမ်းခြင်းလုပ်ငန်း စတင်

ဓညဝတီ ရှေးဟောင်းဇုန်အတွင်း ကျရောက်သည့် ကျောက်တော်-မြောက်ဦး ရထားလမ်းပိုင်း ပြန်လည် ဖျက်သိမ်းခြင်းလုပ်ငန်း စတင်
Published 22 May 2018

ဖျက်သိမ်းပြီး ရထားလမ်းပိုင်းအား မြေညှိပေးနေစဉ် (Photo : Khaing Morn Twan)

ဓညဝတီ ရှေးဟောင်းဇုန်ထဲတွင် ကျရောက်သည့် ကျောက်တော်-မြောက်ဦး ရထားလမ်းပိုင်း ပြန်လည်ဖျက်သိမ်းခြင်းနှင့် ရထားလမ်းအား စိုက်ပျိုးအဖြစ် မြေညှိခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ဓညဝတီရှေးဟောင်းဇုန်ထဲတွင် ကျရောက်သည့် ကျောက်တော်-မြောက်ဦး ရထားလမ်းပိုင်း ပြန်လည်ဖျက်သိမ်းခြင်း လုပ်ငန်းတွင် ကျောက်တော်မြို့နယ် မဟာမုနိ ဘူတာမှ မြောက်ဦးဘက်သို့ လမ်းပိုင်းအား လယ်ယာမြေအဖြစ် ပြန်လည်လုပ်ကိုင်နိုင်ရန် မြေညှိခြင်းလုပ်ငန်းကို မေ ၁၆ ရက်ကစပြီး လက်ရှိ တွင် ပေ ၅၀၀ အထိ ပြီးစီးနေပြီဖြစ်ကြောင်းနှင့် မြေညှိပေးနေသည်မှာ မဟာမြတ်မုနိဘူတာကနေ မြောက်ဦးဘက်သို့ တစ်မိုင်ခန့် မြေညှိပေးမည်ဖြစ်ပြီး ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက်အပေါ်မူတည်ပြီး ရထားလမ်းပိုင်းကို မြေညှိပေးသွားမည်ဟု စစ်တွေ-မင်းဘူး ရထားလမ်း စီမံကိန်းရုံးမှ မန်နေဂျာ ဦးဝင်းထွဋ်က ပြောကြားသည်။

စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်းရုံးမှ မန်နေဂျာ ဦးဝင်းထွဋ်က “အခုတော့ ဓညဝတီ ရှေးဟောင်းနယ်မြေထဲကဟာကို ဖျက်သိမ်းနေပါပြီ။ လောလောဆယ် ပေ ၅၀၀၊ ပေ ၇၅၀ လောက်တော့ မြေညှိပြီးပါပြီ။ လမ်းပိုင်းစလုပ်တာက ၂၀၀၉ ခုနှစ်က စတယ်။ ၂၀၁၄ ခုနှစ်မှာ ဒေသခံတွေက တောင်းဆိုတဲ့အတွက် ရထားလမ်းကို ယာယီရပ်ဆိုင်းလိုက်တယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာကျတော့ ကျောက်တော်-မြောက်ဦး ရထားလမ်းပိုင်းကို ဖျက်သိမ်းဖို့ ညွှန်ကြားချက် ရောက်တယ်။ အဲဒီကတည်းကစပြီး ဖျက်သိမ်းလိုက်တာပါ။ ကျွန်တော်တို့က ဖျက်သိမ်းလိုက်တဲ့အခါ ဒေသခံတောင်သူတွေက ဒီလမ်းမြေတွေကို ပြန်ပြီး စိုက်ပျိုးလို့ရအောင် လုပ်ပေးပါဆိုပြီး တောင်းဆိုပါတယ်။ အဲဒါကြောင့် ဝန်ကြီးဌာနက ရထားလမ်းမြေတွေကို ပြန်ညှိပေးနေတာပါ” ဟု ပြောကြားသည်။

မြေညှိခြင်းကို ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလထိ ခြောက်လဘတ်ဂျက်တွင် တစ်မိုင်လောက် ညှိပေးမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမူ အပေါ်မှာ မူတည်ပြီး ဆက်လက်မြေညှိ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်သူလယ်သမားများ ဥပဒေအထောက်အကူပြုကွန်ရက် (ရခိုင်ပြည်နယ်) မှ စီမံကိန်းမန်နေဂျာ ကိုကျော်ထွီးက “အခုတော့ ဘတ်ဂျက်အလိုက် မြေညှိပေးနေတဲ့အတွက် အများကြီး ဝမ်းသာပါတယ်။ ဆက်ပြီးတော့ လယ်သမားတွေ စိုက်ပျိုးနိုင်အောင်အထိ ပြုလုပ်ပေးဖို့ကိုလည်း နိုင်ငံတော်အစိုးရထံ တောင်းဆိုချင်ပါတယ်။ အခုမြေညှိပေးတဲ့မြေတွေမှာ သီးနှံစိုက်လို့တော့ မဖြစ်သေးပါဘူး။ အနည်းဆုံး တစ်နှစ်နှစ်နှစ်ထိ စောင့်ရပါ မယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် စစ်တွေ -ရေချမ်းပြင် ၁၁ မိုင် လမ်းပိုင်း၊ ပုဏ္ဏားကျွန်း (ကွမ်းတောင်)  - ကျောက်တော် ၄၃ မိုင် လမ်းပိုင်း စုစုပေါင်း ၅၄ မိုင်တွင်ရထားများ ပုံမှန်ပြေးဆွဲပေးနေကြောင်းနှင့် ဖျက်သိမ်းလိုက်သည့် ကျောက်တော် -မြောက်ဦး လမ်းပိုင်းသည် ၃၂ မိုင်ခွဲရှိကြောင်း သိရသည်။

Most Read

Most Recent