၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ ရန်ကုန်ဆိပ်ကမ်းများမှ စားအုန်းဆီ မက်ထရစ်တန် စုစုပေါင်း ခြောက်သိန်းကျော် တင်သွင်းနိုင်ခဲ့

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ ရန်ကုန်ဆိပ်ကမ်းများမှ စားအုန်းဆီ မက်ထရစ်တန် စုစုပေါင်း ခြောက်သိန်းကျော် တင်သွင်းနိုင်ခဲ့
Published 20 August 2017

 

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ ရန်ကုန်ဆိပ်ကမ်းများမှ စားအုန်းဆီ မက်ထရစ်တန် စုစုပေါင်း ခြောက်သိန်းကျော် တင်သွင်းနိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော သတင်းများအရ သိရသည်။

ပြည်တွင်း၌ သုံးစွဲမှုလိုအပ်ချက်အရ စားအုန်းဆီ ပုံမှန်တင်သွင်းလျက်ရှိပြီး နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုတင်သွင်းနေရကြောင်း သိရသည်။

“စားအုန်းဆီတင်သွင်းမှုက နှစ်စဉ် ၁၀ ရာခိုင်နှုန်းလောက်ကို ပိုမိုတင်သွင်းနေရတာကို တွေ့ရပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တုန်းက စားအုန်းဆီ မက်ထရစ်တန်ပေါင်း ငါးသိန်းကျော်တင်သွင်းခဲ့ရပြီး အခုဘဏ္ဍာနှစ်မှာ စားအုန်းဆီ မက်ထရစ်တန်ပေါင်း ခြောက်သိန်းကျော် တင်သွင်းခဲ့တာဖြစ်ပါတယ်” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်၌  စားအုန်းဆီ မက်ထရစ်တန်စုစုပေါင်း ၅၆၃၂၉၃ တန် တင်သွင်းနိုင်ခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ ရန်ကုန်ဆိပ်ကမ်းများမှ သွင်းကုန်၊ ပို့ကုန် စုစုပေါင်း ကုန်သေတ္တာအလုံးရေ ၁၀ သိန်းကျော် ကိုင်တွယ်နိုင်ခဲ့ပြီး ငါးနှစ်တာကာလအတွင်း အများဆုံး ကိုင်တွယ်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော သတင်းများအရ သိရသည်။

၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်၌ ရန်ကုန် ဆိပ်ကမ်းများမှ သွင်းကုန် ကုန်သေတ္တာ အလုံးရေ ၅၁၉၇၂၈ လုံး၊ ပို့ကုန်ကုန်သေတ္တာ အလုံးရေ ၅၃၈၁၆၀ လုံး စုစုပေါင်း ကုန်သေတ္တာ အလုံးရေ ၁၀၅၇၈၈၈ လုံးကိုင်တွယ်နိုင်ခဲ့ကြောင်း သိရသည်။ ရန်ကုန်ဆိပ်ကမ်း၏ ကုန်သေတ္တာကိုင်တွယ်မှုနှုန်းမှာ ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်း တစ်နှစ်လျှင် ၁၅ ရာခိုင် နှုန်းခန့် တိုးတက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် ၌  ကုန်သေတ္တာအလုံးရေ ၈၉၃၂၀၁ လုံးဖြင့် ကုန်ပစ္စည်းများတင်သွင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည့် ကုန် ပစ္စည်းအမျိုးအစားများမှာ အထည်၊ လျှပ် စစ်ပစ္စည်း၊ ကားနှင့် ဆက်စပ်ပစ္စည်း၊ စက္ကူ၊ တာယာ၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ပလတ်စတစ်၊ ဆေးနှင့် ဆေးပစ္စည်း၊ စက်ဆီ၊ ချောဆီ၊ ဘိလပ်မြေ၊ အထွေထွေကုန်ပစ္စည်းနှင့် ကုန်သေတ္တာအခွံတို့ဖြစ်သည်။

 

 

Most Read

Most Recent