(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို ယခုလကုန်ပိုင်းတွင်ပြုလုပ်ရန် အစိုးရဘက်မှ ပြင်ဆင်ထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်များဘက်က အဆင်သင့်မဖြစ်ခဲ့ဟု ဦးဇော်ဌေး ပြောကြား

(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို ယခုလကုန်ပိုင်းတွင်ပြုလုပ်ရန် အစိုးရဘက်မှ ပြင်ဆင်ထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်များဘက်က အဆင်သင့်မဖြစ်ခဲ့ဟု ဦးဇော်ဌေး ပြောကြား
Published 21 May 2018

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို ယခင်လျာထားချက်အတိုင်း ယခုလကုန်ပိုင်းတွင် ပြုလုပ်ရန် အစိုးရနှင့် နိုင်ငံရေးပါတီများက ပြင်ဆင်ထားသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များဘက်က အဆင်သင့်မဖြစ်ခဲ့သည့်အတွက် ယခုလကုန်ပိုင်းတွင် ညီလာခံပြုလုပ်ရန် အဆင်မပြေဖြစ်လာခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို သတ်မှတ်ထားသည့်အတိုင်း အောင်မြင်စွာ ပြုလုပ်နိုင်ရေးအတွက် အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအဖွဲ့တို့ မေ ၁၈ ရက်နှင့် ၁၉ ရက်တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့ကြောင်း သိရသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က ညီလာခံကျင်းပဖို့အတွက် အစိုးရပိုင်းက အားလုံးပြင်ထားတာ။ နိုင်ငံရေးပါတီတွေဘက်ကလည်း ပြင်ထားတယ်။ ဒီလထဲမှာပဲပေါ့။ ညီလာခံကျင်းပဖို့အတွက် အလွတ်သဘော အစည်းအဝေးပြီးရင် အကြောင်းပြန်မယ်လို့ EAO တွေက ပြောတယ်။ ဒါကြောင့်မို့ အလွတ်သဘော အစည်းအဝေးမှာ ဆွေးနွေးတယ်။ ဆွေးနွေးတဲ့ဟာတွေကလည်း ဒုတိယ အစည်းအဝေးကဟာတွေပဲ ပြန်ဖြစ်လာတယ်။ ဖြစ်လာတော့ EAO တွေဘက်က အဆင်သင့်မဖြစ်ဘူး။ မဖြစ်တော့ ညီလာခံကျင်းပဖို့ မေလကုန်ဆိုပြီး စီစဉ်ထားတာဟာ အဆင်မပြေဘူး ဖြစ်လာတယ်ပေါ့နော်။ အစိုးရဘက်က အဆင်သင့်ဖြစ်တယ်။ EAO ဘက်က အဆင်သင့်မဖြစ်ဘူး” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တစ်နှစ်လျှင် နှစ်ကြိမ်ပြုလုပ်ရန် သတ်မှတ်ထားသော်လည်း ဒုတိယအစည်းအဝေးပြီးသည့်အချိန်မှ လက်ရှိအချိန်အထိ တစ်နှစ်ကျော်အတွင်း တစ်ကြိမ်မျှ ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Most Read

Most Recent