KIA အနေဖြင့် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးအခွင့်အရေးများနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရန် ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားအဖွဲ့အချို့ တောင်းဆို

KIA အနေဖြင့် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးအခွင့်အရေးများနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရန် ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားအဖွဲ့အချို့ တောင်းဆို
Published 21 May 2018

ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIA) အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးအခွင့်အရေး၊ အမျိုးသားရေးအခွင့်အရေး တောင်းဆိုမှုများနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် ကချင်ပြည်နယ်အခြေစိုက် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၊ ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်နှင့် လီဆူတိုင်းရင်းသား စာပေယဉ်ကျေးမှုစောင့်ရှောက်ရေးအဖွဲ့တို့က မေ ၁၉ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုခဲ့သည်။

နိုင်ငံရေး အကျိုးကျေးဇူးလိုလားမှုနှင့် အမျိုးသားအကျိုးကျေးဇူး လိုလားမှုမှန်သမျှသည် ဒီမိုကရေစီမူဝါဒကျင့်သုံးပြီး ဆွေးနွေး အဖြေရှာခြင်းဖြင့်သာလျှင် ဖော်ဆောင်နိုင်ကြောင်း၊ ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးသိမ်မွေ့သော ပူးပေါင်းဆောင်ရွက်မှုကသာလျှင် မှန်ကန်သင့်မြတ်သော ငြိမ်းချမ်းရေးကို ဖြစ်ပေါ်စေနိုင်ကြောင်း မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၊ ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်နှင့် လီဆူတိုင်းရင်းသား စာပေယဉ်ကျေးမှု စောင့်ရှောက်ရေးအဖွဲ့တို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

KIO/KIA ခေါင်းဆောင်များအနေဖြင့် လက်ရှိရင်ဆိုင်နေရသည့် လက်နက်ကိုင်ပဋိပက္ခများသည် မိသားစုအတွင်းဖြစ်သည့် ပဋိပက္ခအဖြစ်မှတ်ယူ၍ NCA လက်မှတ်ရေးထိုးကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြင့် ဖြေရှင်းရန် မျှော်လင့်ယုံကြည်ကြောင်း၊ နိုင်ငံရေး ဂုဏ်သိက္ခာ၊ အမျိုးသားရေးဂုဏ်သိက္ခာများနှင့် ပတ်သက်၍ နိုင်ငံရေးဆွေးနွေးပွဲများဖြင့် အဖြေရှာကာ မြှင့်တင်နိုင်ကြောင်းလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ကြေညာချက်နှင့်ပတ်သက်၍ “ဒီထဲမှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေဆိုတော့ ကျွန်တော်တို့ဘက်ကနေ သီးခြားပစ်မှတ်ထားပြီးတော့ တုံ့ပြန်တာမျိုးတွေလုပ်မှာ မဟုတ်ပါဘူး။ သူတို့ရဲ့နောက်ကွယ်မှာ ပံ့ပိုးတဲ့သူတွေ၊ ထောက်ပံ့တဲ့သူတွေရှိတယ်။ သူတို့ကို ပစ်မှတ်သွားထားရင် အားလုံးနစ်နာမယ်လေ။ ဒါကြောင့်မို့ သူတို့ကို ပစ်မှတ်မထားဘူး။ သူတို့ရဲ့နောက်ကွယ်မှာ သပ်လျှိုတာတွေ၊ သွေးခွဲတာတွေရှိတယ်။ မီးမောင်းထိုးပြတာတွေရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကလည်း အဲဒါမျိုးတွေကို စစ်ရေးအရ၊ နိုင်ငံရေးအရ၊ လူမျိုးရေးအရ အရေးယူတာမျိုး မဟုတ်ဘဲနဲ့ သူတို့အချင်းချင်း ဖာထေးစေချင်တာမျိုးပေါ့။ အဲဒါမျိုးပဲ လုပ်ပါတယ်။ တရားဝင် သူတို့ကိုပစ်မှတ်ထား တုံ့ပြန်တာမျိုး မရှိသေးပါဘူး” ဟု မြစ်ကြီးနားအခြေစိုက် KIO နည်းပညာအကြံပေးအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောကြားသည်။

မည်သည့်နိုင်ငံတွင်ဖြစ်စေ စစ်ရေးပဋိပက္ခ အချိန်ကြာမြင့်လာပါက အောက်ခြေလူတန်းစားများ အနေဖြင့် နိုင်ငံရေးအဖြေရခြင်း၊ မရခြင်းသည် ၎င်းတို့နှင့်သက်ဆိုင်မှုမရှိကြောင်း၊ ပဋိပက္ခကြောင့် ၎င်းတို့ခံစားနေရသည့် အနိဋ္ဌာရုံများကို အမြန်ဆုံး ကွယ်ပျောက်စေလိုကြောင်းနှင့် လူမှုကူညီထောက်ပံ့မှုများကို ရလိုကြောင်းကို ပြသလိုသည့်အနေဖြင့် ယခုကဲ့သို့သော ကြေညာချက်မျိုးဖြင့် ဖော်ပြကြောင်း ဦးဒေါင်ခါးက ဆက်လက်ပြောကြားသည်။

ငြိမ်းချမ်းရေးရယူရန် နစ်နာဆုံးရှုံးမှုများ ပြီးဆုံးပြီး ပြည်သူလူထု ဒုက္ခအ၀၀မှ လွတ်မြောက်ရေးအတွက် KIO/KIA ခေါင်းဆောင်များ အနေဖြင့် NCA စာချုပ်တွင် လက်မှတ်ထိုးရန် ကချင်ပြည်နယ်အခြေစိုက် ပူးပေါင်းအဖွဲ့က တိုက်တွန်းထားပြီး ရန်သူဖြစ်သည့် လက္ခဏာရှိလာပါက အမြစ်ပြတ်တိုက်ခိုက်၍ ပြည်သူများ၏ အသက်နှင့်ဘဝကို ကာကွယ်ပေးရန် အစိုးရနှင့်တပ်မတော်ကို တောင်းဆိုကြောင်း အဆိုပါအဖွဲ့က ကြေညာခဲ့သည်။

Most Recent