ရွှေကျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား မြို့ခံသတင်းသမားတစ်ဦး တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်

ရွှေကျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား မြို့ခံသတင်းသမားတစ်ဦး တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်
Published 21 May 2018

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့တွင် မေ ၂၀ ရက် နံနက်က ရွှေကျင်မြို့နယ် တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ကျောက်ကြီးမြို့ခံ သတင်းသမားတစ်ဦးက ရွှေကျင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို သက်ဆိုင်ရာတာဝန်ရှိသူများထံ တရားဝင်အသိပေးတင်ပြ၍ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပြီး ရွှေကျင်မြို့နယ် တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက “သတင်းထောက်တွေနဲ့ စကားမပြောဘူးလို့ ဆုံးဖြတ်ထားခြင်းကိစ္စရပ်” ဖြင့် ဟောပြောဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရခြင်းနှင့် ပတ်သက်၍ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ ကိုရန်နိုင်အောင်က “ကျွန်တော်တို့သမ္မတကြီးရဲ့ အခြေပြမိန့်ခွန်းထဲမှာလည်း ပြောထားတာရှိပါတယ်။ စတုတ္ထမဏ္ဍိုင်ရဲ့ ကဏ္ဍကလည်း ပေါ်လွင်ပြီးသားဖြစ်ပါတယ်။ ကျွန်တော် ဒီနေ့ဒီအချိန်မှာ လာရောက်ပြီးတော့ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်ကို လာရောက်ဆန္ဒထုတ်ဖော်ခြင်းက အကြောင်းရင်းသုံးခုပေါ့။ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတာရယ်၊ ပြည်သူ့အသံ လွှတ်တော်အသံဖြစ်တယ်ဆိုတာကို မျက်ကွယ်ပြုထားတယ်ဆိုတဲ့ အချက်ရယ်၊ နံပါတ်သုံးအချက်က စတုတ္ထမဏ္ဍိုင်ကို စိန်ခေါ်ချက်ပေါ့” ဟု တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူက ပြောကြားသည်။

ဆန္ဒထုတ်ဖော်ခြင်းကို နံနက် ၉ နာရီခွဲခန့်တွင် စတင်၍ “ရွှေကျင်မြို့နယ် တိုင်း (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းအား ရှုတ်ချပွဲ” ဟူသော ဗီနိုင်းဆိုင်းပုဒ်ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ကြောင်း၊ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သူ ကိုရန်နိုင်အောင်မှာ ကျောက်ကြီးမြို့တွင် နေထိုင်သူဖြစ်ပြီး ပဲခူးသတင်းစဉ် (အယ်ဒီတာ) တစ်ဦးဖြစ်ကြောင်း သိရသည်။

သတင်းသမားတစ်ဦး၏ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခံရခြင်းနှင့်ပတ်သက်ပြီး ရွှေကျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှဝင်းက “မီဒီယာတွေကတော့ မီဒီယာတွေရဲ့ကျင့်ဝတ်အတိုင်း ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ မီဒီယာသည် သူ့ရဲ့မီဒီယာကျင့်ဝတ်ရှိပါတယ်။ သတင်းစုံစမ်းတဲ့ဟာကလည်း အနုပညာတစ်ခုပါ။ ပြည်သူတွေ ပြောလာအောင်၊ ပြည်သူတွေ ပါလာအောင်၊ ပြည်သူတွေ စိတ်ဝင်စားလာအောင်၊ ပြည်သူတွေကမှ သတင်းအမှန်တွေ ဖော်ထုတ်လာအောင်၊ မီဒီယာသမားတွေမှာ ကျင့်ဝတ်တွေရှိသလို ဒါတွေဟာ အနုပညာတစ်မျိုးလို့ အန်တီကမြင်ပါတယ်။ အဲဒီတော့ မီဒီယာတွေအပေါ်မှာ ဘာမှမပြောဘူး။ အန်တီတို့က ကြိုဆိုတယ်။ ဒါပေမဲ့ မီဒီယာတွေသည် မိမိရဲ့ကျင့်ဝတ်အတိုင်း လုပ်ဆောင်ဖို့တော့ အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။ ဆန္ဒပြတဲ့အထဲမှာ သူဆန္ဒပြတဲ့ဟာက အန်တီအတွက်က မှန်ကန်နေတယ်ဆိုရင်တော့ ဒါကို မှန်ကန်တဲ့အတိုင်းပေါ့။ မမှန်ကန်ဘူးလို့ဆိုလို့ရှိရင်တော့ အန်တီကလည်း တရားဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ။ အန်တီ့မှာ ရှေ့ဆက်ဖြေစရာအကြောင်းတော့ မရှိဘူး။ ဒီဥစ္စာက အမှန်အတိုင်းပါပဲ” ဟုပြောကြားသည်။

 

Most Read

Most Recent