သီပေါမြို့နယ်၌ နံနက်အစောပိုင်း ၁ နာရီခန့်တွင် ဇနီးမောင်နှံနှစ်ဦး သေနတ်ဖြင့် အပစ်ခံရ

သီပေါမြို့နယ်၌ နံနက်အစောပိုင်း ၁ နာရီခန့်တွင် ဇနီးမောင်နှံနှစ်ဦး သေနတ်ဖြင့် အပစ်ခံရ
Published 21 May 2018

သီပေါမြို့နယ် ကုန်းသာကျေးရွာတွင် ဇနီးမောင်နှံနှစ်ဦး နံနက် ၁ နာရီတွင် သေနတ်နှင့် အပစ်ခံရပြီးနောက် တွေ့ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာတွင် ဇနီးမောင်နှံနှစ်ဦး အချိန်မတော် နံနက် ၁ နာရီတွင် သေနတ်နှင့်အပစ်ခံရသဖြင့် သီပေါဆေးရုံကြီးမှတစ်ဆင့် မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သီပေါမြို့နယ်ရှိ နယ်စည်းမခြားပရဟိတအဖွဲ့မှ သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် ကုန်းသာကျေးရွာ၌ မေ ၂၀ ရက် နံနက် ၁ နာရီဝန်းကျင်ခန့် ဖုန်းသတင်းပေးပို့မှုအရ ဇနီးမောင်နှံနှစ်ဦး သေနတ်ပစ်ခံရ၍ ဒဏ်ရာရရှိထားသဖြင့် ဒဏ်ရာရသူများကို ဆေးရုံအရေးပေါ်သို့ နယ်စည်းမခြား ပရဟိတကားနှစ်စီးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း နယ်စည်းမခြားပရဟိတ (သီပေါ) မှ ကိုမျိုးက ဆိုသည်။

“သီပေါမြို့နယ် ကုန်းသာကျေးရွာ မနေ့ညတုန်းက ၁ နာရီမှာဖြစ်တာပါ။ ဒဏ်ရာရတာ သူတို့လင်မယားပေါ့။ အမျိုးသားက ပေါင်မှာ၊ အမျိုးသမီးက နံရိုးနဲ့ ဝမ်းဗိုက်နဲ့ပေါင်နဲ့ပေါ့။ ဒဏ်ရာရသွားတယ်။ လူနာတင်ပြီး ကျွန်တော်တို့က ဆေးရုံပို့တယ်။ ဒီတစ်လထဲမှာ နှစ်ကြိမ်၊ သုံးကြိမ်လောက်ရှိပြီ။ အခု မန္တလေးဆေးရုံကို ထပ်ပြီးလွှဲလိုက်ပြီ။ ပို့တာကတော့ ဆေးရုံကြီးကားနဲ့ ပို့တာပေါ့” ဟု နယ်စည်းမခြားပရဟိတ (သီပေါ) မှ ကိုမျိုးက ပြောသည်။

နယ်စည်းမခြားပရဟိတအဖွဲ့ (သီပေါ) ကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် နယ်စည်းမခြားပရဟိတ အဖွဲ့နာမည်ပြောင်းလဲကာ အဖွဲ့ဝင်အင်အား ၃၀ ကျော်ဖြင့် ဖွဲ့စည်းထားသည်။

အရေးပေါ် လူနာတင်ယာဉ်လေးစီးရှိပြီး ယခုအခါ လပြည့်၊ လကွယ်တိုင်း တစ်လလျှင်နှစ်ရက် ကုသပေးသော ကုသိုလ်ဖြစ်အခမဲ့-ဆေးကုခန်းကို ထပ်မံတိုးချဲ့ထားသဖြင့် အဆိုပါ အခမဲ့ဆေးကုသခြင်းလုပ်ငန်းကို တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရန် အခက်အခဲများရှိနေကြောင်း နယ်စည်းမခြားပရဟိတ (သီပေါ) မှ ကိုမျိုးက ပြောကြားသည်။

Most Read

Most Recent