မြန်မာနိုင်ငံတွင် H1N1 ဖြစ်ပွားမှုအရ ကူးစက်ပျံ့နှံ့မှု အသင့်အတင့်၊ ရောဂါပြင်းထန်မှုမှာ ပြင်းထန်မဟုတ်သော အဆင့်၌သာရှိပြီး ကပ်ရောဂါအဖြစ်သို့ ကူးပြောင်းနိုင်ခြေ နည်းပါးဟုဆို

မြန်မာနိုင်ငံတွင် H1N1 ဖြစ်ပွားမှုအရ ကူးစက်ပျံ့နှံ့မှု အသင့်အတင့်၊ ရောဂါပြင်းထန်မှုမှာ ပြင်းထန်မဟုတ်သော အဆင့်၌သာရှိပြီး ကပ်ရောဂါအဖြစ်သို့ ကူးပြောင်းနိုင်ခြေ နည်းပါးဟုဆို
Published 20 August 2017

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေး ဝန်ထမ်းများ နှာခေါင်းစည်း တပ်ဆင်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြန်မာနိုင်ငံ၏ ရာသီတုပ်ကွေး H1N1 ဖြစ်ပွားမှု အခြေအနေအရ ကူးစက်ပျံ့နှံ့မှု အသင့်အတင့် (Moderate Transmission) ရောဂါပြင်းထန်မှုမှာ ပြင်းထန်မဟုတ်သော (Low Severity) အဆင့်တွင်သာရှိပြီး ကပ်ရောဂါ အဖြစ်သို့ ကူးပြောင်းနိုင်ခြေ နည်းပါးသွားပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

လက်ရှိပြည်တွင်း၌ ဖြစ်ပေါ်နေသော ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ဖြစ်ရိုးဖြစ်စဉ်ထက် ပိုမိုလာသည်ကို တွေ့ရကြောင်း၊ ရောဂါ၏ ဖြစ်ပွားတတ်သော သဘာဝအရ လာမည့်ရက်သတ္တပတ်များတွင် ဖြစ်ပွား၊ သေဆုံးမှု လုံးဝပပျောက်ရန် သေချာပေါက် ခန့်မှန်းတွက်ချက်၍ မရနိုင်သေးကြောင်းနှင့် လက်ရှိရောဂါဖြစ်ပွား၊ သေဆုံးမှု အခြေအနေနှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ထိန်းသိမ်းနိုင်သော အခြေအနေတွင်ရှိကြောင်း သိရသည်။

ရောဂါကူးစက်မှု အခြေအနေနှင့်ပတ်သက်၍ သုံးသပ်မှုအရ လူထုအတွင်း တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ ထပ်ဆင့်စုစုပေါင်း ဖြစ်ပွားမှု အခြေအနေ၊ လုပ်ငန်းခွင်များတွင် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ ထပ်ဆင့်စုစုပေါင်း ဖြစ်ပွားမှု အခြေအနေ၊ အိမ်ရှိလူများတွင် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ ထပ်ဆင့်စုစုပေါင်း ဖြစ်ပွားမှု အခြေအနေနှင့် လူနာနှင့် အနီးကပ်ထိတွေ့ ကိုင်တွယ်သူများတွင် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ ဖြစ်ပွားမှုအခြေအနေ တွေ့ရှိချက်များအရ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော Seasonal Influenza A (H1N1) pdm 2009 သည် ကူးစက်ပျံ့နှံ့မှု အသင့်အတင့် (Moderate Transmission) ရှိကြောင်း သုံးသပ်ထားသည်။

ရောဂါပြင်းထန်မှု အခြေအနေနှင့် ပတ်သက်၍ သုံးသပ်မှုအရ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ရောဂါလူနာများတွင် သေဆုံးမှုနှုန်း၊ ရက်အလိုက် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ရောဂါဖြင့် ဆေးရုံတက်ရောက်မှုနှုန်း၊ ယခုမြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော ရာသီတုပ်ကွေး ရောဂါပိုးအား ဂျပန်နိုင်ငံရှိ National Institute of Infectious ဓာတ်ခွဲခန်းသို့ ပို့ဆောင်၍ အသေးစိတ်စစ်ဆေးရာ (၁) ရောဂါပိုးမှာ တစ်ကမ္ဘာလုံး ပုံမှန်ပျံ့နှံ့သည့် ရာသီတုပ်ကွေးရောဂါပိုး အမျိုးအစားဖြစ်ခြင်း၊ (၂) ပုံမှန်ကုသသည့် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါကို ကုသသောဆေးများအား ၉၅ မှ ၉၈ ရာခိုင်နှုန်းအထိ တုံ့ပြန်မှုရှိခြင်း၊ (၃) ကြက်ငှက်တုပ်ကွေး ရောဂါပိုးနှင့် မျိုးရိုးဗီဇပေါင်းစပ်မှု မရှိခြင်းတို့ကြောင့် ရောဂါပြင်းထန်မှု အခြေအ နေသည် ပြင်းထန်အဆင့် မဟုတ်သော (Low Severity) အဆင့်တွင်သာရှိကြောင်း သုံးသပ်ထားသည်။

ထို့ပြင် ရောဂါကူးစက် ပျံ့နှံ့မှုနှင့် ပြင်းထန်မှုများအရလည်းကောင်း၊ Cluster of IlI cases လေ့လာမှုအရ လည်းကောင်း လက်ရှိဖြစ်ပွားနေသော A (H1N1) pdm 2009 သည် Early Warning အဆင့်ဖြစ်ပြီး ကပ်ဖြစ်ပွားမှုအခြေအနေ၏ Ascending Limb ဖြစ်ပွားနိုင်ခြေ အဆင့်သာ သတ်မှတ်နိုင်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အစိုးရ၊ ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ကပ်ရောဂါ အဖြစ်သို့ ကူးပြောင်းနိုင်ခြေ နည်းပါးသွားပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံအများစုတွင် အမျိုးအစားတူ  ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 ကူးစက်ဖြစ်ပွားမှုရှိနေပြီး အိမ်နီးချင်း နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံတွင် လူဦးရေ ၁၂၀၀၀ ကျော်အထိ  ဖြစ်ပွားမှုရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ Flu Net Website တွင် ဖော်ပြချက်အရ ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လ ပထမပတ်အထိ ခုနစ်လတာကာလ အတွင်း အရှေ့တောင်အာရှဒေသ နိုင်ငံများနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ၏ သတင်းပေးပို့ချက်အရ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှု အခြေအနေမှာ တရုတ်နိုင်ငံတွင် ၁၂၀၆၀၊ အိန္ဒိယနိုင်ငံတွင် ၁၃၁၈ ဦး၊ နီပေါနိုင်ငံတွင် ၄၈၀၊ သီရိလင်္ကာ နိုင်ငံတွင် ၃၇၃ ဦး၊ မော်ဒိုက်နိုင်ငံ တွင် ၂၈၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် ၂၇၄ ဦး၊ မြန်မာတွင် ၁၃၆ ဦး၊ ထိုင်းနိုင်ငံတွင် ၁၀၉ ဦး၊ မလေးရှား နိုင်ငံတွင် ၅၉ ဦး၊ ဘူတန်နိုင်ငံတွင် ၄၈ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံတွင် နှစ်ဦး ဖြစ်ပွားခဲ့ကြောင်းနှင့် ရာသီတုပ်ကွေး ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေမှာ မြန်မာနိုင်ငံတွင် သာမက နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများနှင့် အရှေ့တောင် အာရှဒေသတွင်း နိုင်ငံများအနက် အများစုတွင် အမျိုးအစားတူ ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားနေသည့် ကာလဖြစ်ကြောင်း သိရ သည်။

 

Most Read

Most Recent