NVC ကတ်ကိုင်ဆောင်ထားသည့် ဘင်္ဂါလီများ ခရီးသွားလာရာတွင် သတ်မှတ်ထားသော ကန့်သတ်ချက်များ လျှော့ချခြင်းအား ပွင့်လင်းမြင်သာမှုရှိရေး အင်အား ၂၀၀ ကျော်ဖြင့် မရမ်းကုန်းမြို့နယ်တွင် ဆန္ဒထုတ်ဖော်

NVC ကတ်ကိုင်ဆောင်ထားသည့် ဘင်္ဂါလီများ ခရီးသွားလာရာတွင် သတ်မှတ်ထားသော ကန့်သတ်ချက်များ လျှော့ချခြင်းအား ပွင့်လင်းမြင်သာမှုရှိရေး အင်အား ၂၀၀ ကျော်ဖြင့် မရမ်းကုန်းမြို့နယ်တွင် ဆန္ဒထုတ်ဖော်
Published 21 May 2018

မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းတွင် အင်အား ၂၀၀ ကျော်ဖြင့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်းကို မေ ၂၀ ရက်နံနက်ပိုင်းက တွေ့ရစဉ်

NVC ကတ်ကိုင်ဆောင်ထားသည့် ဘင်္ဂါလီများ ခရီးသွားလာရာတွင် သတ်မှတ်ထားသော ကန့်သတ်ချက်များ လျှော့ချခြင်းအား ပွင့်လင်းမြင်သာမှုရှိရေးအတွက် လူအင်အား ၂၀၀ ကျော်ဖြင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခြင်းကို မေ ၂၀ ရက် နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းတွင် ပြုလုပ်ခဲ့သည်။

မေ ၂၀ ရက် နံနက် ၇ နာရီကျော်တွင် မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားမီးပွိုင့်အနီးရှိ မင်းဓမ္မလမ်းထိပ်မှစတင်ကာ လူအင်အား ၂၀၀ ကျော်ဖြင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပြီး ဆန္ဒထုတ်ဖော်ရာတွင် ဘင်္ဂါလီများအား (NVC) ကတ်ကိုင်ဆောင် ခရီးသွားလာရာတွင် သတ်မှတ်ထားသော ကန့်သတ်ချက်များ လျှော့ချခြင်းအတွက် ပွင့်လင်းမြင်သာစွာရှိရေး၊ နိုင်ငံနှင့်လူမျိုး ထိခိုက်နစ်နာမည့်အကြံ (ဒို့လက်မခံ)၊ ဘင်္ဂါလီများအား နိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့် (အလိုမရှိ)၊ တိုင်းရင်းသားထက် ဘင်္ဂါလီများအား ဦးစားပေးခြင်း (ချက်ချင်းရပ်) ဗီနိုင်းများကို ကိုင်ဆောင်ကြွေးကြော်ခဲ့သည်။

ထို့နောက် မင်းဓမ္မလမ်း၊ MCC ခန်းမအနီးအရောက်တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခြင်းကို ရပ်တန့်ပြီး ဆန္ဒထုတ်ဖော်ခြင်းဆိုင်ရာ အကြောင်းအရာများကို အဆိုပါဆန္ဒထုတ်ဖော်ခြင်းကို ဦးဆောင်သူတစ်ဦးဖြစ်သည့် အမတ်ဒိန်က ရှင်းလင်းပြောကြားခြင်းနှင့် ဆန္ဒထုတ်ဖော်ခြင်း အစီအစဉ်များကို ဆက်လက်ပြုလုပ်ခဲ့သည်။

ဆန္ဒထုတ်ဖော်ရခြင်းနှင့် ပတ်သက်ပြီး အမတ်ဒိန်က “ပြည်သူတွေက စိုးရိမ်နေတယ်။ NVC ကတ်ကိုင်ဆောင်ထားတဲ့သူတွေကို နိုင်ငံအနှံ့ သွားခွင့်ပြုလိုက်ရင် အကြမ်းဖက်မှုတွေ နိုင်ငံအနှံ့ရောက်လာမယ်လို့ တို့ကယုံကြည်နေတယ်။ မယုံကြည်လို့ရော မရဘူးလား၊ ဘယ်သူအာမခံမလဲ။ အဲဒီအတွက် ဒီလိုလုပ်နေတာပါ။ အစီအစဉ်မှားတယ် အစိုးရအစီအစဉ်မှားတယ်။ ပြည်သူတွေကိုလည်း ပွင့်လင်းစွာပြောပြတာမရှိဘူး။ ဒီ NVC ကတ်ကိုင်ထားတဲ့သူတွေ သွားနေသလို ခိုးဝင်တွေသွားနေတယ်။ အဲဒီခိုးဝင်တွေသွားနေတာ၊ ကတ်ကိုင်ထားတဲ့သူတွေ မြန်မာပြည်ထဲကိုဝင်နေတာ ဘယ်လိုအရေးယူမလဲဆိုတာလည်း မရှိဘူး။ NVC ကတ်ကိုင်ပြီးရင်လည်း အဲဒီလူတွေ ဘယ်လိုစည်းဖျက်လည်းဆိုတာ မသိရဘူး။ အဲဒီဟာတွေကို သိချင်နေတယ်” ဟုပြောကြားသည်။

ဧပြီ ၁၉ ရက်တွင် ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇား ခရီးစဉ်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြတ်အေးက NVC ကတ်ကိုင်ဆောင်ထားသူများနှင့် ပတ်သက်၍ အစိုးရက ကန့်သတ်ချက်များ လျှော့ချပေးခဲ့ပြီး တစ်နိုင်ငံလုံး သွားလာခွင့်ပြုခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက်ပိုင်းတွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ထိုသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြတ်အေး၏ ပြောကြားမှုအပေါ် ဧပြီ ၂၅ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက တစ်နိုင်ငံလုံး သွားလာခွင့်ပြုသည်ဆိုသည်မှာ သက်ဆိုင်ရာ မြို့နယ်အတွင်းတွင်သာ သွားလာခွင့်ရှိခြင်းဖြစ်ပြီး NVC ကတ်ကိုင်ထားသည်နှင့် တစ်နိုင်ငံလုံး လွတ်လပ်စွာသွားလာခွင့်ရှိသည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်း၊ ခွင့်ပြုချက်ပေးမည်လည်း မဟုတ်ကြောင်း ထပ်မံရှင်းလင်းပြောကြားထားကြောင်း သိရသည်။

Most Read

Most Recent