ထန်းတပင်မြို့နယ်တွင် သားအမိနှစ်ဦး ဓားခုတ်ခံရပြီး မိခင်သေဆုံးမှုမှ ကလေးငယ်မှာ မစိုးရိမ်ရတော့ဘဲ ကျူးလွန်သူအား စုံစမ်းရှာဖွေနေဟုဆို

ထန်းတပင်မြို့နယ်တွင် သားအမိနှစ်ဦး ဓားခုတ်ခံရပြီး မိခင်သေဆုံးမှုမှ ကလေးငယ်မှာ မစိုးရိမ်ရတော့ဘဲ ကျူးလွန်သူအား စုံစမ်းရှာဖွေနေဟုဆို
Published 21 May 2018

ထန်းတပင်မြို့နယ်တွင် သားအမိနှစ်ဦး ဓားခုတ်ခံရပြီး မိခင်သေဆုံးမှုမှ ကလေးငယ်၏အခြေအနေမှာ မစိုးရိမ်ရတော့ဘဲ ကျူးလွန်သူအား ဖမ်းဆီးနိုင်ရန် စုံစမ်းရှာဖွေနေကြောင်း မေ ၂၀ ရက်တွင် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

“အဲဒီဖြစ်စဉ်က ကလေးငယ်ကတော့ အခင်းဖြစ်တဲ့အချိန်မှာ ဓားဒဏ်ရာကြောင့် စိုးရိမ်ရတဲ့အခြေအနေရှိပေမယ့် ဆေးကုသမှုခံယူပြီး နောက်မှာတော့ စိုးရိမ်ရတဲ့အခြေအနေမှာ မရှိတော့ပါဘူး။ သေဆုံးသွားတဲ့ မိခင်အလောင်းကိုတော့ ဆေးရုံက မှုခင်းဆရာဝန်ဆီ ပို့အပ်စစ်ဆေးခိုင်းထားပါတယ်။ လက်ရှိမှာတော့ ပုဒ်မ ၃၀၂၊ ၃၂၆ နဲ့ပဲ အမှုဖွင့်ထားပါတယ်။ သားမယားပြုကျင့်ခံရမှု ရှိ၊ မရှိကိုတော့ ဆေးစာထွက်လာရင်တော့ တိတိကျကျ သိရပါလိမ့်မယ်။ ကျူးလွန်သူကိုတော့ ဖမ်းမိဖို့အတွက် စုံစမ်းရှာဖွေနေပါတယ်” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ မေ ၁၉ ရက် နံနက် ၂ နာရီခန့်တွင် ထန်းတပင်မြို့နယ် ဒိတ်ကုန်းကျေးရွာအုပ်စု ပေါက်တန်းကျေးရွာနေ ဒေါ်--- (၃၉ နှစ်)နှင့် သားမောင်--- (၁၂ နှစ်) တို့ အိပ်ပျော်နေစဉ် အမျိုးသားတစ်ဦးမှာ နေအိမ်ပေါ်သို့တက်လာပြီး သားအမိနှစ်ဦးကို ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ပြီး ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

ယင်းသို့ဓားထိုးခံရသဖြင့် ဒေါ်---(၃၉ နှစ်)မှာ လည်ပင်းတွင်ရရှိခဲ့သည့် ဓားဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး မောင်---(၁၂ နှစ်)မှာလည်း လည်ပင်းတွင် ဓားဒဏ်ရာရရှိကာ အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း၊ အခင်းဖြစ်ချိန်တွင် ဒေါ်---၏ခင်ပွန်းမှာ အလုပ်ကိစ္စဖြင့် ခရီးသွားနေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်းက (ပ)၁၇၂/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့်အမှုဖွင့်ကာ ကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

Most Read

Most Recent