မကူးစက်တတ်သောရောဂါများနှင့် ပတ်သက်သော တိုက်ဖျက်ရေးနှင့် သုတေသနလုပ်ငန်းများကို မြန်မာအပါအဝင် မဟာမဲခေါင်ဒေသတွင်းနိုင်ငံများ ပူးပေါင်းလုပ်ဆောင်မည်

မကူးစက်တတ်သောရောဂါများနှင့် ပတ်သက်သော တိုက်ဖျက်ရေးနှင့် သုတေသနလုပ်ငန်းများကို မြန်မာအပါအဝင် မဟာမဲခေါင်ဒေသတွင်းနိုင်ငံများ ပူးပေါင်းလုပ်ဆောင်မည်
Published 21 May 2018

မြန်မာနိုင်ငံအပါအဝင် မဟာမဲခေါင်ဒေသတွင်းရှိ နိုင်ငံများတွင် မကူးစက်တတ်သောရောဂါများ ဖြစ်ပွားနှုန်းမှာ မြင့်တက်လျက်ရှိခြင်းကြောင့် ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ရောဂါဖြစ်ပွားနှုန်းများ မြင့်တက်လာမှုနှင့်အတူ နောက်ဆက်တွဲအနေဖြင့် လူမှုရေး၊ စီးပွားရေးထိခိုက်မှုများလည်း ဖြစ်ပေါ်လျက်ရှိပြီး မြန်မာနိုင်ငံ၌ ရောဂါဖြစ်ပွားသေဆုံးမှု၏ ထက်ဝက်ကျော်မှာ မကူးစက်နိုင်သောရောဂါများ (ဆီးချို၊ သွေးချို၊ သွေးတိုး၊ ကင်ဆာ၊ သက်ကြီးရွယ်အိုစသည်) ကြောင့်ဖြစ်နေသည့်အတွက် ယင်းရောဂါများနှင့်ပတ်သက်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကျေးရွာအရောက် လုပ်ဆောင်နေကြောင်း သိရသည်။

မကူးစက်နိုင်သောရောဂါများနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နှင်းရေးဌာနခွဲ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် Help Age International တို့ပူးပေါင်း၍ ‘မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေးဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၁၇-၂၀၂၁)’ ကို ရေးဆွဲလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ မြန်မာနိုင်ငံ၌ ရောဂါဖြစ်ပွားသေဆုံးမှု၏ ရာခိုင်နှုန်း ၆၀ ခန့်သည် မကူးစက်နိုင်သောရောဂါများကြောင့် ဖြစ်နေသည့်အတွက် မြန်မာနိုင်ငံတွင် ကူးစက်ရောဂါများ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကိုသာမက မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေးလုပ်ငန်းများကိုပါ ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် လိုအပ်နေကြောင်း၊ စီမံကိန်းရေးဆွဲရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ချမှတ်ပေးထားသည့် မကူးစက်နိုင်သောရောဂါများဆိုင်ရာ Target များပြည့်မီရေးအတွက် အထောက်အကူဖြစ်စေမည့်လုပ်ငန်းများ ဖော်ထုတ်ရေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းအား အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) တွင်လည်း ပေါင်းစပ်ထည့်သွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent