အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ကို ဗဟိုမှ ဦးဆောင်၍ အသစ်ပြန်လည် ရွေးချယ်ဖွဲ့စည်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ကို ဗဟိုမှ ဦးဆောင်၍ အသစ်ပြန်လည် ရွေးချယ်ဖွဲ့စည်း
Published 20 May 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့သစ်ကို မေ ၁၉ ရက်တွင် ဗဟိုမှ ဦးဆောင်၍ အသစ်ပြန်လည် ရွေးချယ်တင်မြှောက်ပြီး ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဟောင်းကို ပြန်လည် ဖျက်သိမ်းခဲ့ပြီး မေ ၁၉ ရက်တွင် ဒေါက်တာဇော်မြင့်မောင်၊ ဦးဟန်သာမြင့် ၊ ဦးတိုးလွင်တို့က ဦးဆောင်ရွေးချယ်ပေးခဲ့ပြီး တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၈၁ ရွာရှိ စာရင်းများအရ နှစ်ဦးစီကို ခေါ်ပြီး မဲပေးခြင်းဖြစ်ကြောင်း၊ အဆိုပါ ၁၆၂ ဦးထဲမှ မဲပေးပိုင်ခွင့်ရှိသူ ၂၉ ဦးတွင် တစ်ဦး ပျက်ကွက်သဖြင့် ၂၈ ဦးရှိရာ အဆိုပါ ၂၈ ဦးအနက် ၁၉ ဦးကို မြို့နယ်အမှုဆောင်အဖွဲ့ကို ပြန်လည် ရွေးချယ်ခြင်းဖြစ်ကြောင်း တောင်ကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းငွေက ပြောကြားသည်။

တောင်ကြီးမြို့နယ် စည်းရုံးရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းနိုင်ရန် ယခင်ရှိပြီး တောင်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်များကို ဖျက်သိမ်းခဲ့ပြီး အဆိုပါ အဖွဲ့ဝင်ဟောင်းများမှ အလုပ်အမှုဆောင် ကိုးဦးကို မဲပေးပိုင်ခွင့် ဆက်လက်ထားရှိပြီး အဖွဲ့ဝင်သစ် ၂၀ ဖြင့် အစားထိုး ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ မေ ၁၉ ရက်တွင် တောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“အားလုံး မဲပေးနိုင်တာက ၇၀ ပေါ့။ ကိုယ်စားလှယ်က ၂၈ ဦး၊ လူဟောင်းက ရှစ်ဦးပေါ့။ အသစ်က ၂၀ ဦး၊ အားလုံးပေါင်း ၁၉ ဦး ရွေးချယ်ခဲ့တယ်။ ဒီနေ့ အဆင်ပြေပါတယ်။ ဗဟိုက လာကြီးကြပ်တဲ့အတွက် ဘာမှစောဒက တက်စရာမရှိပါဘူး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရှမ်းပြည်နယ်ဥက္ကဋ္ဌ ဦးဇော်မင်းလတ်က ပြောကြားသည်။

အသစ်ပြန်လည် ဖွဲ့စည်းသော တောင်ကြီးမြို့နယ် စည်းရုံးရေးအဖွဲ့စာရင်းမှာ ဥက္ကဋ္ဌ ဦးကျော်မျိုးသိန်း၊ အတွင်းရေးမှူး ဦးစံလင်း၊ ဒုဥက္ကဋ္ဌ မငုဝါလှိုင်၊ တွဲဖက်အတွင်းရေးမှူး ဦးသက်လွင်၊ ဘဏ္ဍာရေးမှူး ဒေါ်ခင်သန်းဦး တို့ဖြစ်ကြောင်း သိရသည်။

“ဒီမှာ တောင်ကြီးမြို့နယ် စည်းရုံးရေးကော်မတီ အလုပ်အမှုဆောင် ရွေးတာပေါ့။ ညီလာခံပုံစံ ရွေးတာပေါ့။ ရပ်ကျေးတွေကနေ ကိုယ်စားလှယ်တွေ လွှတ်ပြီးတော့ ကိုယ်စားလှယ် ရွေးလိုက်တာပါ။ အောင်မြင်ပါတယ်။ ခုဟာက စည်းပျက်နေတာ ရှိတယ်။ ဖန်ရှင်နယ် မဖြစ်တာခေါ်တာပေါ့။ ညီလာခံ တက်နိုင်အောင်လို့ ကျွန်တော်တို့က စည်းရုံးရေးအဖွဲ့ဝင် မပြည့်တာတွေရော၊ လစ်လပ်နေရာတွေရော ဒီလိုပျက်နေတဲ့ နေရာတွေကိုရော အသစ်ပြန်လည်ဖွဲ့တာပေါ့” ဟု ကြီးကြပ်ရေးအဖွဲ့ ဦးဆောင်သူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

“ဗဟိုကနေ အစအဆုံး မလစ်ဟင်းရအောင် အောက်ခြေကနေ စီစဉ်ပြီး ရွေးချယ်တဲ့အတွက် ရပ်ကျေးတွေ အကုန်လုံးကလည်း တက်တယ်။ ကျေနပ်တယ်။ အောင်မြင်တဲ့အတွက် ဝမ်းသာပါတယ်။ အရင်တစ်ခေါက်တုန်းက စစ်ဆေးခဲ့တာတွေကို ဗဟို CEC ရဲ့ ဆုံးဖြတ်ချက်နဲ့ ဒါတွေကို ပယ်ဖျက်တာ ဖြစ်ပါတယ်။ ခုတစ်ကြိမ်မှာ ပြန်ပြီး ဗဟိုအစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ရွေးတာဖြစ်ပါတယ်။ ဗဟိုကနေ ကြေညာပါလိမ့်မယ်။ ဗဟိုက ကြေညာပြီးရင် တရားဝင် ဖြစ်သွားပြီပေါ့”ဟု တောင်ကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းငွေက ပြောကြားသည်။

“တောင်ကြီးမြို့နယ် စည်းရုံးရေးအဖွဲ့ကို လာရောက် ဖွဲ့စည်းပေးတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ကျွန်တော် မေးချင်ပါတယ်။ (၁) တောင်ကြီးမြို့နယ် အလုပ်အမှုဆောင်ကို ဖျက်သိမ်းကြောင်း စာကို ဘာကြောင့် အလုပ်အမှုဆောင်များကို မပေးသလဲ။ (၂) တောင်ကြီးမြို့နယ် စည်းရုံးရေးအဖွဲ့ကို မေလ ၁၉ ရက် ဖွဲ့စည်းခြင်းကို ဘာကြောင့် အလုပ်အမှုဆောင်ဥက္ကဋ္ဌ ခွန်သန်းလွင်နဲ့ အတွင်းရေးမှူး ဇော်ဝင်းထူးတို့ကို အများနည်းတူ ဘာကြောင့် မဖိတ်ကြားသလဲ။ (၃) ပြည်နယ်နှင့်တိုင်း ၁၄ ခုမှာ တောင်ကြီးမြို့နယ်ကဲ့သို့ စွပ်စွဲတိုင်ကြားသူ၊ အတိုင်ကြားခံရသူများ ပြဿနာမျိုးရှိခဲ့ရင် အလုပ်အမှုဆောင် အားလုံး ဖျက်သိမ်းပြီး အသစ်ပြန်ရွေးခံဖို့ တစ်နိုင်ငံလုံး ပါတီရုံးသို့ ညွှန်ကြားရန် အစီအစဉ် ရှိ၊ မရှိ။ (၄) ညီလာခံမှာ ပေါ်ပေါက်လာသူများ ဖြစ်ကြတဲ့ အလုပ်အမှုဆောင်ဟောင်းများကို ဖျက်သိမ်းကြောင်းစာ ပေးပို့ရန် အစီအစဉ် ရှိ၊ မရှိ နှုတ်မိန့်ဖြစ်သာ ဖျက်သိမ်းကြောင်း ဟုတ်၊ မဟုတ် သိချင်ပါတယ်။ (၅) စွပ်စွဲတိုင်တန်းသူ လေးဦးနဲ့ စွပ်စွဲခံရသူ ၁၄ ဦးကို စုံစမ်းမှုခုံရုံးကို တောင်ကြီးမြို့နယ်မှာ တစ်ကြိမ်၊ နေပြည်တော်တွင် တစ်ကြိမ် စုံစမ်းစစ်ဆေးမှုအပေါ် မည်သည့်ဘက်မှ အပြစ်ရှိကြောင်း၊ မည်သည့်ဘက်မှ အပြစ်မရှိကြောင်း အမိန့်ချရန် အစီအစဉ် ရှိ၊ မရှိ သိချင်ပါတယ်။ (၆) ယခုလို နှုတ်မိန့်ဖြင့် တောင်ကြီးမြို့နယ်စည်းကို ဖျက်သိမ်းပြီး အသစ်ပြန်လည် ရွေးချယ်ခြင်းသည် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌလည်းဖြစ်၊ ဗဟို CEC လည်း ဖြစ်၊ ရှမ်းပြည် တာဝန်ခံလည်း ဖြစ်၊ တောင်ကြီးကိစ္စကို CEC အားလုံးရဲ့ တာဝန်ပေးချက်အရ ခုံအဖွဲ့ခေါင်းဆောင်လည်း ဖြစ်သော ဦးထွန်းထွန်းဟိန်၏ အစီရင်ခံကို လျစ်လျူရှုရာလည်း ရောက်ပြီး အစွပ်စွဲခံရသူများရဲ့ နိုင်ငံရေး သိက္ခာ၊ လူ့သိက္ခာတို့ကို အလေးမထားရာလည်း ရောက်နေခြင်းအပေါ် ထည့်တွက် စဉ်းစားဆောင်ရွက်ခြင်း ရှိ၊ မရှိ တွေကို မဲဆန္ဒရှင်တွေကို တိုင်တည်ပြီး မေးခွန်းထုတ်ပါတယ်။ ဖြေကြားပေးစေလိုပါတယ်” ဟု တောင်ကြီးမြို့နယ် ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးခွန်သန်းလွင်က ပြောကြားသည်။

Most Read

Most Recent