Elite ကို လုပ်ကိုင်ခွင့်ပြုခဲ့သည့် တန်ချိန် ၃၀၀၀ ဆံ့ LPG ရေနံဓာတ်ငွေ့ရည် သိုလှောင်ရုံဖွင့်ပွဲ သီလဝါ အထူးစီးပွားရေးဇုန်တွင် ပြုလုပ်

Elite ကို လုပ်ကိုင်ခွင့်ပြုခဲ့သည့် တန်ချိန် ၃၀၀၀ ဆံ့ LPG ရေနံဓာတ်ငွေ့ရည် သိုလှောင်ရုံဖွင့်ပွဲ သီလဝါ အထူးစီးပွားရေးဇုန်တွင် ပြုလုပ်
Published 20 May 2018

ရေနံဓာတ်ငွေ့ရည် သိုလှောင်ကန်ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် (လယ်)၊ Elite ကုမ္ပဏီမှ Executive Chairman & CEO ဦးအောင်သက်မန်း (ယာအစွန်) တို့ကို တွေ့ရစဉ်

Elite ကိုလုပ်ခွင့်ပြုခဲ့သည့် တန်ချိန် ၃၀၀၀ ဆံ့ ရေနံဓာတ်ငွေ့ရည် LPG တာမီနယ်ဖွင့်ပွဲ အခမ်းအနားကို မေ ၁၉ ရက် နံနက်ပိုင်းတွင် သီလဝါ အထူးစီးပွားရေးဇုန်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မြေကွက်အမှတ် ၁၅ နှင့် ၁၆ တို့၌ Elite Petrochemical Co., Ltd က ပြုလုပ်ခဲ့သည်။

“တခြားနိုင်ငံတွေ တော်တော်များများကို လေ့လာကြည့်တဲ့ အခါကျတော့ လျှပ်စစ်ဈေးက ကျွန်တော်တို့ တစ်ယူနစ်ဈေးထက် အကုန်များပါတယ်။ များတဲ့ အခါကျတော့ သူတို့ ဘာသုံးလဲဆိုတော့ ထမင်းဟင်း ချက်ပြုတ်တဲ့နေရာမှာ လျှပ်စစ်ကို မသုံးနိုင်ပါဘူး။ မသုံးနိုင်တော့ သူတို့ ဒီ LPG ကို အဓိကထားပြီး သုံးပါတယ်။ အိမ်ရာစီမံကိန်းတွေမှာ ဆိုလို့ရှိရင် အိမ်ထဲမှာကို ထည့်ပြီးတော့ ရေပိုက်လိုင်းတွေလိုပဲ တစ်ခါတည်း ထည့်ထားတယ်။ အဲဒီကနေပြီးတော့မှ လစဉ်မီတာလေးနဲ့ ဘယ်လောက်ရှိတယ်ဆိုပြီး ပေးဆောင်တယ်”ဟု Elite Petrochemical Co., Ltd မှ Executive Director (Business Development) ဦးလှိုင်ဇော်ထွန်းက ပြောကြားသည်။

ထို့ပြင် LPG သည် အိမ်တွင်းသုံးအပြင် ခေတ်မီ ကွန်ဒိုအိမ်ရာ၊ မော်တော်ကားပို့ဆောင်ရေး၊ သံရည်ကျို ၊ ဖန်ရေကျိုလုပ်ငန်းများနှင့် အပူစွမ်းအင် သုံးစွဲရသည့် စက်မှုလုပ်ငန်းကြီးများတွင်လည်း အသုံးပြု၍ရကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများထဲတွင် LPG သုံးစွဲမှု အနိမ့်ဆုံး အနေအထား၌ရှိနေပြီး ထိုင်းနိုင်ငံနှင့် ယှဉ်ပါက ၄၀ ပုံ တစ်ပုံ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဆိုပါက လေးပုံတစ်ပုံခန့် သုံးစွဲနေကာ LPG လစဉ်သုံးစွဲနိုင်မှုမှာ တန်ချိန် ၆၀၀၀ ခန့်သာ သုံးစွဲနိုင်ကြောင်း သိရသည်။

လတ်တလောတွင် အဆိုပါလုပ်ငန်းကို ပုဂ္ဂလိကတွင် ပထမဦးဆုံး အနေဖြင့် ကိုယ်ပိုင်ဆိပ်ကမ်း၊ ကိုယ်ပိုင်လှောင်ကန်များဖြင့် Elite Petrochemical Co., Ltd က လုပ်ကိုင်လျက်ရှိပြီး အနာဂတ် စီမံကိန်းအနေဖြင့် ကုဗမီတာ ၁၀၀၀၀၀ ဆံ့ စက်သုံးဆီ သိုလှောင်ကန်များ၊ တန်ချိန် ၂၀၀၀၀ အထိ ထပ်မံ သိုလှောင်နိုင်မည့် LPG သိုလှောင်ကန်များကို တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်ခဲ့ပြီး လျှပ်စစ်ဓာတ်အား လိုအပ်ချက်အရ LPG ရေနံဓာတ်ငွေ့အရည်ကို အိမ်ထောင်စု တစ်သိန်းခွဲ ဦးစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး အောင်မြင်ပါက အိမ်ထောင်စု တစ်သန်းအထိ ပေးနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

“ဈေးနှုန်းသက်သာပြီး ပြည်သူလူထု လိုသလောက် ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ LPG ဖြန့်ဖြူး ဆောင်ရွက်ရာမှာ ကျွန်တော်တို့အနေနဲ့ ရည်မှန်းချက် ရှိတယ်။ ပထမအနေနဲ့ အိမ်ထောင်စု တစ်သိန်းခွဲကို ဦးစွာ ဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ်။ ဒီကနေ အောင်မြင်သွားရင် မိသားစု အိမ်ထောင်စု တစ်သန်း ရည်မှန်းချက်ထားပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ရန်ကုန်မြို့နဲ့ မြို့ကြီးတွေသာမက ကျေးလက်ဒေသအထိပါ LPG ဖြန့်ဖြူးဖို့ ရည်ရွယ်ချက် ရှိပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းကို ပုဂ္ဂလိကနဲ့ ဆောင်ရွက်လျက် ရှိပါတယ်။ ရှေ့ပြေးစီမံကိန်းအနေနဲ့ မန္တလေးတိုင်းဒေသကြီး ငါးဇွန်မြို့နယ်မှာရှိတဲ့ ကျေးရွာ ၇၂ ရွာကို မြို့သာစက်မှုဇုန်အဖွဲ့နဲ့ LPG Supply လုပ်တဲ့ ကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး Pilot Project ကို မကြာခင် ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

LPG ဖြန့်ဖြူးခွင့်ကို ၂၀၁၀ ပြည့်နှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များကိုလည်း တည်ဆောက်ရန် တိုက်တွန်းခဲ့ကြောင်း၊ LPG သည် သန့်ရှင်းသော လောင်စာတစ်မျိုးဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား သုံးစွဲသည့်နေရာတွင် အစားထိုးနိုင်ကြောင်း၊ ယင်းကြောင့် အစိုးရကလည်း တိုးမြှင့်ဆောင်ရွက်ရန် အားပေးကြောင်း၊ ရေနံဓာတ်ငွေ့စက်ရုံ မင်းဘူးနှင့် ညောင်တုန်းအား ဆောင်ရွက်လျက် ရှိသော်လည်း ဝယ်လိုအားနှင့် ရောင်းလိုအား မမျှသဖြင့် ပြည်ပမှ တင်သွင်းဖြန့်ဖြူးရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

Most Read

Most Recent