ဖဲကြိုးဖြူ လှုပ်ရှားမှုသည် မိတ်ဖက်ယာဉ်မောင်း အားလုံး၏ သဘောထား မဟုတ်ကြောင်း Grab ထုတ်ပြန်

ဖဲကြိုးဖြူ လှုပ်ရှားမှုသည် မိတ်ဖက်ယာဉ်မောင်း အားလုံး၏ သဘောထား မဟုတ်ကြောင်း Grab ထုတ်ပြန်
Published 20 May 2018

ဖဲကြိုးဖြူ လှုပ်ရှားမှု ဦးဆောင်သူအဖွဲ့၏ ဝေဖန်အကြံပြုချက်များကို လက်ခံနားထောင်ပေးရန် အစီအစဉ်ရှိပြီး ယခုလှုပ်ရှားမှုသည့် မိတ်ဖက်ယာဉ်မောင်းများ အားလုံး၏ သဘောထား မဟုတ်ကြောင်း Grab က သတင်းထုတ်ပြန်ချက်အရ သိရသည်။

အငှားယာဉ်မောင်းအဖွဲ့ငယ် တစ်ခုက ဖဲကြိုးဖြူ လှုပ်ရှားမှုကို ပြီးခဲ့သည့် မေ ၁၅ ရက်မှာ စတင်ခဲ့ပြီး အခြားယာဉ်မောင်းများကိုလည်း လာမည့် မေ ၂၁ ရက်တွင် Grab အက်ပလီကေးရှင်းကို ပိတ်ထားကြရန် စည်းရုံးရေးများ လုပ်နေကြောင်း၊ Grab Myanmar Partner Care အဖွဲ့အနေဖြင့် အဆိုပါ လှုပ်ရှားမှုကို ဦးဆောင်သူ ယာဉ်မောင်းအဖွဲ့များ၏ ဝေဖန်အကြံပြုချက်များကို လက်ခံနားထောင်ပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။

Grab က မိတ်ဖက်ယာဉ်မောင်း အသစ်များကိုလည်း သေချာစိစစ် ရွေးချယ်နေပြီး မိတ်ဖက်ယာဉ်မောင်းများ၏ လုပ်ရည်ကိုင်ရည်နှင့် အပြုအမူပိုင်း၊ လုပ်ဆောင်မှုပိုင်းဆိုင်ရာများကို စစ်ဆေးပြီး အကဲဖြတ်သည့်စနစ်ကို ကျင့်သုံးလျက်ရှိကြောင်း Grab မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ ခရီးသည်တွေ လုံလုံြ့ခုံခြုံနဲ့ သက်သောင့်သက်သာ ရှိစေဖို့ ခရီးသည်တွေအပေါ် ရိုင်းပျစွာ ပြောဆိုဆက်ဆံတဲ့ ယာဉ်မောင်းတွေ၊ ခရီးသည်ရဲ့လုံခြုံရေးကို ထိပါးခြိမ်းခြောက်တဲ့ ယာဉ်မောင်းတွေဟာ Grab ကွန်ရက်ထဲမှာ ဆက်ပြီး လုပ်ကိုင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။ ဒီလိုကိစ္စရပ်မျိုးတွေ ဖြစ်လာရင်လည်း ယာဉ်မောင်းတွေဘက်က ကိစ္စရပ်တစ်ခုချင်းစီအပေါ် Grab ရဲ့ဆုံး ဖြတ်ချက်အပေါ် အထူးမေတ္တာရပ်ခံပြီး ပြန်လက်တွဲ အလုပ်လုပ်ခွင့်ကို တောင်းလျှောက်နိုင်တဲ့ အခွင့်အရေးတွေ ရှိပါတယ်။ အခု ဒီယာဉ်မောင်းအဖွဲ့ငယ် တစ်ခုရဲ့ လှုပ်ရှားမှုဟာ မြန်မာနိုင်ငံမှာရှိတဲ့ များပြားလှတဲ့ Grab မိတ်ဖက်ယာဉ်မောင်း ကွန်ရက်ကြီးတစ်ခုလုံးရဲ့ သဘောထား မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ မိတ်ဖက် ယာဉ်မောင်းတွေဘက်က ဝေဖန်အကြံပြုချင်တာတွေရှိရင် ကျွန်တော် Grab Myanmar Partner Care အဖွဲ့ကို အချိန်မရွေး ဆက်သွယ် ပြောကြားနိုင်ပါတယ်”ဟု Grab မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယာဉ်မောင်းများထံမှ ဝေဖန်ချက်များ၊ တောင်းဆိုချက်များနှင့် အဆင်မပြေမှုများကို သိရှိနိုင်ရန် အပတ်စဉ် တွေ့ဆုံဆွေးနွေးပွဲများကို ပြုလုပ်ပေးထားကြောင်း သိရသည်။

ထို့ပြင် ခရီးသည်က စောင့်ဆိုင်းကြာချိန် ငါးမိနစ်အတွင်း လာရောက်ခြင်း မရှိပါက ခရီးစဉ်ပယ်ဖျက်မှုနှုန်းကို Cancel လုပ်နိုင်မယ့် Cancellation Button လုပ်ဆောင်ချက် အသစ်များနှင့် အခြားသော လုပ်ဆောင်ချက်များကို ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဖဲကြိုးဖြူ လှုပ်ရှားသူများအနေဖြင့် Grab အဌားယာဉ် ဆိုင်းဘုတ်များပေါ်တွင် အဖြူရောင်ဖဲကြိုးများ တပ်ဆင်ခြင်း၊ Grab အမှတ်အသားပေါ်တွင် အမှားခြစ်ထားသည့် သင်္ကေတ ပါဝင်သည့် စတေကာများအား ယာဉ်၌ကပ်ခြင်းများ ပြုလုပ်ကာ ကမ်ပိန်းပြုလုပ်နေခြင်း ဖြစ်သည်။

Grab အနေဖြင့် ပြည်တွင်း၌ အဌားယာဉ်မောင်း ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေသည့်မှာ တစ်နှစ်ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent