အာဆီယံနိုင်ငံများအနက် ရွှေ့ပြောင်း အလုပ်သမားအများစုမှာ မြန်မာနိုင်ငံက ၃၃ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်

အာဆီယံနိုင်ငံများအနက် ရွှေ့ပြောင်း အလုပ်သမားအများစုမှာ မြန်မာနိုင်ငံက ၃၃ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်
Published 20 May 2018

အာဆီယံနိုင်ငံများအနက် ရွှေ့ပြောင်း အလုပ်သမားအများစုမှာ မြန်မာနိုင်ငံက ၃၃ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ကြောင်း ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီဖြစ်သည့် Job Net က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံထဲတွင်ပင် လုပ်ခလစာ သက်သာသော နိုင်ငံသားများအစား ပိုပြီး ဈေးနှုန်းကြီးမြင့်သော အိမ်နီးချင်းနိုင်ငံက ကျွမ်းကျင်လုပ်သားများက နေရာယူထားကြကြောင်း Myanmar Center for Economic and Social Development အဖွဲ့၏ လေ့လာချက်များအရ သိရကြောင်း Job Net ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။

မြန်မာနိုင်ငံမှ အခြားတစ်နိုင်ငံသို့ ရွှေ့ပြောင်း လုပ်ကိုင်ကြခြင်းအပြင် ပြည်တွင်းတွင်လည်း နယ်ဒေသများမှ မြို့ကြီးများသို့ ရွှေ့ပြောင်း လုပ်ကိုင်ကြသော နှုန်းထားများလည်း မြင့်တက်လာပြီး အများစုမှာ ကျေးလက်ဒေသများတွင် ရာသီအလိုက် လုပ်ကိုင်ရမည့် စိုက်ပျိုးရေး လုပ်ငန်းများအစား မြို့ကြီးများရှိ အထည်ချုပ်စက်ရုံများတွင် လစဉ် ပုံမှန်ဝင်ငွေရသော လုပ်သားများအဖြစ် ကူးပြောင်းလာကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်လျက်ရှိသော လူဦးရေ၏ ၄၂ ဒသမ ၃ ရာခိုင်နှုန်းသည် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ ပြောင်းရွှေ့လာကြသူများ ဖြစ်ကြပြီး ၂၆ ရာခိုင်နှုန်းသည် အလုပ်အကိုင်ကြောင့် ရွှေ့ပြောင်းသွားလာခြင်း ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ စစ်တမ်းက ဖော်ပြခဲ့ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမှုရှိသော်လည်း ကျွမ်းကျင်လုပ်သားရှားပါးမှု ပြဿနာကို ဖြေရှင်းပေးနိုင်ခြင်း မရှိကြောင်း သိရသည်။

Most Read

Most Recent