FDA ခရိုင်ရုံး ၂၄ ရုံး တည်ဆောက်လျက်ရှိပြီး ယင်းရုံးများတွင် အစားအသောက်နှင့် ဆေးဝါးများ စစ်ဆေးပေးနိုင်သည့် ခေတ်မီဓာတ်ခွဲခန်းများ ပါဝင်မည်

FDA ခရိုင်ရုံး ၂၄ ရုံး တည်ဆောက်လျက်ရှိပြီး ယင်းရုံးများတွင် အစားအသောက်နှင့် ဆေးဝါးများ စစ်ဆေးပေးနိုင်သည့် ခေတ်မီဓာတ်ခွဲခန်းများ ပါဝင်မည်
Published 20 May 2018

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက ရွေ့လျားဓာတ်ခွဲယာဉ်များဖြင့် အစားအသောက်များကို စစ်ဆေးနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရုံးခွဲများကို တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ပြီးနောက် ခရိုင်အဆင့်အထိ ဖွင့်လှစ်လျက်ရှိပြီး လက်ရှိ ခရိုင်ရုံး ၂၄ ရုံး တည်ဆောက်လျက်ရှိကြောင်းနှင့် ယင်းရုံးများတွင် အစားအသောက်နှင့် ဆေးဝါးအန္တရာယ်ကို စစ်ဆေးပေးနိုင်သည့် ခေတ်မီဓာတ်ခွဲခန်းများ ပါဝင်မည်ဟု သိရသည်။

ထို့ပြင် အစားအသောက်များ ဈေးကွက်မတင်မီ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် လျှောက်ထားမှုများအတွက် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စီစဉ်နေပြီး USAID အကူအညီဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“အစားအသောက်တွေ တင်သွင်းမယ်၊ ဆေးဝါးတွေ မှတ်ပုံတင်မယ်၊ အလှကုန်ပစ္စည်းတွေကို မှတ်တမ်းတင်မယ်။ အဲဒီလုပ်ငန်းတွေအတွက် လက်ရှိကတော့ ဌာနကိုလာရတယ်။ ရုံးခွဲတွေကို လာရတယ်။ နမူနာပစ္စည်းတွေ လာပို့ရတယ်။ လျှောက်လွှာလာတင်ရတယ်။ ရိုးရိုးသာမန် ဆောင်ရွက်နေတဲ့ လျှောက်လွှာပုံစံမျိုးကို ပုံမှန်လို့ခေါ်တာပေါ့။ ဒါကိုလည်း တော်တော်များများ ရုံးတွေမှာ ဆောင်ရွက်နေကြတယ်။ ဒါကိုပဲ ကမ္ဘာ့စနစ်ဖြစ်တဲ့ လုံခြုံမှုထက် လျင်မြန်မှုကို ပိုပြီးဦးစားပေးတဲ့ အွန်လိုင်းစနစ်ကို သုံးပါမယ်။ လာရမယ်၊ လျှောက်ရမယ်၊ စာရွက်တွေဖြည့်ရမယ်၊ စုံစမ်းရမယ်၊ နမူနာတွေ ဖြည့်ရဦးမယ်ဆိုရင် သူကကြာတယ်။ အဲဒီလိုမဖြစ်ရအောင် အွန်လိုင်းကနေ လျှောက်တဲ့စနစ်ဖြစ်ပါတယ်။ အွန်လိုင်းက လျှောက်တဲ့စနစ်ကို ကျွန်တော်တို့ ကြိုးစားနေတာကြာပါပြီ။ သို့သော်လည်း FDA တစ်ခုတည်း လုပ်လို့မရပါဘူး။ နှီးနွှယ်ပတ်သက်သူ အားလုံးပါရပါတယ်။ အခုဒါကို USAID အထောက်အပံ့နဲ့ ကျွန်တော်တို့ ဆက်ပြီးတော့ ကြိုးစားသွားမှာပါ။ ဒီ ၂၀၁၈ ခုနှစ်အတွင်း အကောင်အထည်ဖော်နိုင်ဖို့ လုပ်ပါမယ်” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အစားအသောက်များ၏ အမှတ်တံဆိပ် ဖော်ပြချက်၌ လုပ်ငန်းတည် နေရာလိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲ၊ ထုတ်လုပ်အပတ်စဉ်အမှတ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်အမှတ်နှင့် လိုင်စင်အမှတ်များ ထည့်သွင်းဖော်ပြရန် လိုအပ်ကြောင်း သိရသည်။

Most Read

Most Recent