ဒုတိယကုန်သွယ်မှု အများဆုံးဖြစ်သော မြဝတီနယ်စပ်စခန်းမှ ရက် ၄၀ အတွင်း အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော် ကုန်သွယ်နိုင်ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၇ ဒသမ ၇၇၆ သန်း ပိုမိုကုန်သွယ်ခဲ့

ဒုတိယကုန်သွယ်မှု အများဆုံးဖြစ်သော မြဝတီနယ်စပ်စခန်းမှ ရက် ၄၀ အတွင်း အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော် ကုန်သွယ်နိုင်ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၇ ဒသမ ၇၇၆ သန်း ပိုမိုကုန်သွယ်ခဲ့
Published 20 May 2018

ထိုင်းနိုင်ငံမှ မြန်မာဘက်သို့ ဝင်ရောက်လာသော ကုန်တင်ကားများကို တွေ့ရစဉ်

နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ဒုတိယကုန်သွယ်မှု အများဆုံးဖြစ်သော မြဝတီနယ်စပ်စခန်းမှ ကုန်စည်စီးဆင်းမှုမှာ ဘဏ္ဍာနှစ်သစ် တစ်လဆယ်ရက်အတွင်း အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၉၃၈ သန်း ကုန်သွယ်ထားကာ ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇၇၆ သန်း ပိုမိုကုန်သွယ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဘဏ္ဍာနှစ်သစ်ဖြစ်သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အစတွင် မြဝတီနယ်စပ်စခန်းမှ ကုန်သွယ်မှုမြင့်တက်လာပြီး ဧပြီ ၁ ရက်မှ မေ ၁၁ ရက်အထိ ပြည်တွင်းဈေးကွက်သို့ ထိုင်းကုန်ပစ္စည်းတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၈၄ ဒသမ၂၇၉ သန်းဖိုး တင်သွင်းထားပြီး ယခင်နှစ်ကာလတူကထက်လည်း ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။

အရှေ့အနောက် စီးပွားရေးစြင်္ကန်မှာ တည်ရှိသည့် မြဝတီနယ်စပ်စခန်းမှ ပြည်တွင်းသို့ စက်ယန္တရားများ၊ မော်တော်ဆိုင်ကယ်များ၊ လုပ်ငန်းသုံးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ သွပ်၊ သံ၊ ဘိလပ်မြေ၊ စားသောက်ကုန်မျိုးစုံ၊ ပလတ်စတစ်ပစ္စည်းများနှင့် သစ်သီးပျိုးပင်များလည်း တင်သွင်းခဲ့သည်။ စက်သုံးဆီ၊ ဓာတ်ငွေ့ရည်များ၊ စားသုံးဆီများ တင်သွင်းလျက်ရှိသည်။ ထို့အတူ သစ်ပင်ပျိုးပင်မျိုးစုံနှင့် ကြက်မောက်သီး၊ ဒူးရင်းသီး၊ ပိန္နဲသီး၊ သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချည်ပေါင် စသောအသီးမျိုးစုံ၊ အရွက်မျိုးစုံတို့ကိုလည်း တင်သွင်းလျက်ရှိသည်။

ထို့ပြင် မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲ၊ အခွန်ဒဏ်ကြေးဆိုင်ရာ အပြောင်းအလဲများကြောင့် မော်တော်ယာဉ်တင်သွင်းမှု မရှိသလောက် နည်းပါးနေသော်လည်း ဂျပန်တစ်ပတ်ရစ် Without Car များ၊ ဘီယာမျိုးစုံ၊ အေးခဲအသားနှင့် ကြက်နှင့် ကြက်ထွက်အသည်း၊ နှလုံးပါကင်ထုပ်များကို ဇုန်ရှောင်ကွင်းကာ နားလည်မှုလမ်းကြောင်းမှ တရားမဝင် တင်သွင်းလျက်ရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ပြည်တွင်းထွက်ကုန် ရေထွက်ပစ္စည်းများနှင့် လယ်ယာထွက်ပစ္စည်းများ ထိုင်းနိုင်ငံသို့ တင်ပို့မှုမှာ မေ ၁၁ ရက်အထိ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၅၉ သန်းတင်ပို့ခဲ့သည့်အတွက် ယခင်နှစ်ကာလတူထက် ကန်ဒေါ်လာ ၁ ဒသမ ၄၅၅ သန်း ပိုမိုတင်ပို့ခဲ့သော်လည်း ထိုင်းကုန်စည်တင်သွင်းမှုထက် ၁၀ ဆကျော် လျော့နည်းနေဆဲဖြစ်ကြောင်း သိရသည်။

ပြည်တွင်ထွက်ကုန်ဖြစ်သည့် ရေထွက်ပစ္စည်း ငါးပုစွန်၊ ကဏန်းနှင့် လယ်ယာထွက်ပစ္စည်းများ၊ နှမ်းနနွင်း၊ ကြက်သွန်၊ ငရုတ်၊ ပဲနှင့်ကြံများ တရားဝင်တင်ပို့ခဲ့ကြောင်း သိရသည်။ သို့သော်လည်း ထိုင်းနိုင်ငံသား အကျိုးစီးပွားကာကွယ်သည့်အနေဖြင့် ပြောင်းဖူးကို အဖူးထွက်ချိန်တွင် တင်ပို့ခွင့်မရှိဘဲ နှစ်လကြာချိန်မှ တင်ပို့ရသည့်အတွက် မြန်မာတောင်သူများ များစွာနစ်နာသလို မြန်မာ့ဆန်းနှင့် ကျွဲ၊ နွား အပါအဝင် ကုန်ပစ္စည်းအများစုမှာ တရားဝင်တင်ပို့ရန် ခက်ခဲနေပြီး သောင်ရင်းမြစ် ဖြတ်ကျော်ဂိတ်များမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ တရားမဝင် တင်ပို့လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent