<

တောင်ငူမြို့ပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ရောင်းချသူနှစ်ဦးအား ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် မေ ၁၈ ရက်နှင့် ၁၉ ရက် နံနက်အစောပိုင်းတို့က စိတ်ကြွရူးသွပ်ဆေးပြားများ ဖြန့်ဖြူးရောင်းချသူနှစ်ဦးအား နေရာနှစ်ခုမှ ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းများမှ အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

ဖြစ်စဉ်များမှာ မေ ၁၈ ရက် ညနေ ၆ နာရီခွဲခန့်က တောင်ငူမြို့ အမှတ် ၂ နယ်မြေရဲစခန်းမှ ဒုရဲအုပ်နေ၀င်းထွန်း ဦးစီးနှင့်အဖွဲ့တို့မှ ကင်းဆိပ်ကျေးရွာအုပ်စု၊ ကင်းဆိပ်ကျေးရွာရှိ ကိုဝင်းနိုင် (ခ) ကိုရဲနိုင်၏နေအိမ်တွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲနေကြောင်း သတင်းအရ သက်ဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာတွင် ကိုဝင်းနိုင် (ခ) ကိုရဲနိုင်မှာ နေအိမ်မှ တိမ်းရှောင်နေခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူ မနှင်းရီ ၅၆ နှစ် (ဘ) ဦးဗလအား တွေ့ရှိခဲ့ကြောင်း၊ နေအိမ်တွင် ဆက်လက်ရှာဖွေခဲ့ရာတွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ပြားနှင့် ဆေးပြားများ ရောင်းချငွေ ကျပ်ငွေစက္ကူရောရာ ၈၄၆၆၅၀ ကျပ်နှင့်အတူ ရှာဖွေဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒုရဲအုပ် နေ၀င်းထွန်းက “ဆေးပြားကတော့ ၁၁ ပြားပဲမိတယ်ဗျ။ ဒါပေမဲ့ ငွေတော့များတယ်ဗျ။ သူတို့က ရောင်းပေးထားတဲ့အနေအထားမှာ ရှိတယ်။ ငွေကတော့ ရှစ်သိန်းကျော်အထိ ဖမ်းဆီးရမိထားပါတယ်။ ၀င်းနိုင်ဆိုတဲ့လူကိုတော့ မမိဘူး” ဟုပြောကြားသည်။

ဆက်လက်ပြီး မေ ၁၉ ရက် နံနက် ၃ နာရီခန့်ကလည်း တောင်ငူမြို့မ အမှတ် ၁ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဟန်လင်းအောင်နှင့်အဖွဲ့မှ တောင်ငူမြို့ ၂၀ ရပ်ကွက် မြို့ကြီးလမ်း ရွာဦးကျောင်းစာသင်တိုက်ရှေ့တွင် မူးယစ်ဆေးဝါးများ ရောင်းချရန် ရောက်ရှိနေသော မျိုးသူရအောင် (ခ) ချမ်းသာ ၂၆ နှစ် (ဘ) ဦးနိုင်နိုင်အောင်၊ ကြက်သွန်ခင်း ၁ ရပ်ကွက် အုတ်တွင်းမြို့နေသူ စီးလာသော ဆိုင်ကယ်တူးဘောက်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆေးပြား ၃၈ ပြား ဖမ်းဆီးရမိခဲ့သည့် မျိုးသူရအောင်အား တောင်ငူမြို့မ အမှတ် ၁ ရဲစခန်းမှ (တင)မယ (ပ) ၅/၂၀၁၈၊ မူး/စိတ်ပြောင်းဥပဒေပုဒ်မ ၁၉(က)/၂၀ (က) ဖြင့် အမှုဖွင့်၍ ဆေးပြား ၁၁ ပြားနှင့် ငွေကျပ် ရှစ်သိန်းကျော် ဖမ်းဆီးရမိခဲ့သည့် မနှင်းရီနှင့် ထွက်ပြေးတိမ်းရှောင်နေသူ ၀င်းနိုင် (ခ) ရဲနိုင်တို့အား မယ(ပ) ၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၀င်းနိုင်အား ဖမ်းဆီးရမိရေး ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

May 19, 2018














Copy Protected by Chetan's WP-Copyprotect.