ကမ္ဘာ့မိသားစုဆရာဝန်နေ့ အထိမ်းအမှတ်အဖြစ် ‘ကျန်းမာမှုလမ်းညွှန် မိသားစုဆရာဝန်’ ခေါင်းစဉ်ဖြင့် မန္တလေးမြို့တွင် ဆွေးနွေးပွဲပြုလုပ်

ကမ္ဘာ့မိသားစုဆရာဝန်နေ့ အထိမ်းအမှတ်အဖြစ် ‘ကျန်းမာမှုလမ်းညွှန် မိသားစုဆရာဝန်’ ခေါင်းစဉ်ဖြင့် မန္တလေးမြို့တွင် ဆွေးနွေးပွဲပြုလုပ်
Published 20 May 2018

ကမ္ဘာ့မိသားစုဆရာဝန်နေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ရှိ မြန်မာနိုင်ငံ ဆရာဝန်များအသင်းရုံးတွင် မေ ၁၉ ရက် မွန်းလွဲပိုင်းက ကျန်းမာမှုလမ်းညွှန် မိသားစုဆရာဝန်ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

မေ ၁၉ ရက်တွင် ကျရောက်သော ကမ္ဘာ့မိသားစုဆရာဝန်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကာ မန္တလေးမြို့တွင် ကျင်းပခဲ့သည်မှာ တတိယကြိမ်မြောက်ဖြစ်ပြီး ဆွေးနွေးပွဲတွင် ခေတ်သုံးခေတ် မိသားစုဆရာဝန် စကားဝိုင်းအဖြစ် ဒေါက်တာတင်တင်ဝင်း (ဂျူး)၊ ဒေါက်တာစိုးဝင်း (ဂျိုးဇော်) နှင့် ဒေါက်တာမြင့်ဇော် (MB.,BS.,Dip.Med.Sc-Family Medicine) တို့က ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

“ဒီနေ့ ဒီပွဲလေးလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံဆရာဝန်အသင်းနဲ့ ဆက်သွယ်ပြီးတော့ နိုင်ငံခြားတိုင်းပြည်တွေမှာ သင်ယူခွင့်ပေးနေကြပြီဆိုတာကို ဆရာဝန်တွေကို သိစေချင်တယ်။ ဆရာဝန်တွေလို့ဆိုတဲ့အခါမှာ အထူးသဖြင့် မိသားစုဆရာဝန်တွေပေါ့။ သူတို့ရဲ့အရည်အသွေးတွေ မြင့်တက်လာမှလည်း တိုင်းပြည်ရဲ့ပြည်သူတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ မြင့်တက်လာမှာဖြစ်သလို ဒီလိုအရည်အသွေးတွေ မြင့်တက်ဖို့လည်း နိုင်ငံရပ်ခြားက ဆရာကြီးတွေက လာပြီးတော့ စီမံကိန်းတွေနဲ့ ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ ဒီလိုလုပ်နေတာတွေကို မိသားစုကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဆရာဝန်တွေသိအောင်နဲ့ ဆရာဝန်တွေအနေနဲ့ တက်ကြွစွာပါဝင်လာအောင် ရည်ရွယ်လုပ်ဖြစ်တာပါ” ဟု မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) မှ ဒေါက်တာ ဒေါ်မိုးမိုးခိုင်က ပြောကြားသည်။

ကမ္ဘာ့မိသားစုဆရာဝန်နေ့မှာ ၂၀၁၀ ပြည့်နှစ်တွင် စတင်သတ်မှတ်ကာ အထိမ်းအမှတ်နေ့အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပွဲများကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကျင်းပခဲ့ခြင်းဖြစ်ကာ တစ်နှစ်တစ်ခါ ခေါင်းစဉ်ဆောင်ပုဒ်အလိုက် ဟောပြောဆွေးနွေးဖလှယ်ခြင်းများ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ ကျန်းမာမှုလမ်းညွှန် မိသားစုဆရာဝန်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် မိသားစုကျန်းမာရေး ဆေးပညာအကြောင်းအရာများ၊ မိသားစုဆရာဝန်ဘ၀ အကြောင်းအရာများနှင့် ခေတ်အလိုက် မိသားစုဆရာဝန် စကားဝိုင်းများလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

Most Read

Most Recent