ကယားပြည်နယ် လွှတ်တော်ရုံး အဆောက်အအုံသစ် ဖွင့်ပွဲပြုလုပ်

ကယားပြည်နယ် လွှတ်တော်ရုံး အဆောက်အအုံသစ် ဖွင့်ပွဲပြုလုပ်
Published 20 May 2018

ကယားပြည်နယ်လွှတ်တော်ရုံး အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို တွေ့ရစဉ်

ကယားပြည်နယ် လွှတ်တော်ရုံး အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို မေ ၁၉ ရက် နံနက်တွင် ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း တက်ရောက်ဖွင့်လှစ်ပေးကြောင်း သိရသည်။

ပြည်နယ်အတွင်း အောက်ခြေဝန်ထမ်းများ၊ သူနာပြုတက္ကသိုလ်နှင့် ပြည်နယ် အား/ကာသိပ္ပံမှ ကျောင်းသားကျောင်းသူများ၊ ပြည်သူများအား မဖြစ်မနေတက်ရောက်ရမည်ဟု ညွှန်ကြားချက်မထုတ်ပြန်ဘဲ အထက်အရာရှိကြီးများ၊ ယဉ်ကျေးမှုအဖွဲ့များ လွှတ်တော်ရုံးဝန်ထမ်းများဖြင့်သာ ပထမဆုံးဖွင့်လှစ်သော အခမ်းအနားဖြစ်ကြောင်း လွှတ်တော်ရုံးမှ သိရသည်။

ထို့ပြင်ပြည်နယ်တိုင်းဒေသ အသီးသီးမှ ပြည်သူလွှတ်တော်ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများနှင့် ကယားပြည်နယ် အစိုးရဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များလည်း တက်ရောက်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားကို နံနက် ၇ နာရီတွင် စတင်ပြီး ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ စက်ခလုတ်နှိပ် ဖွင့်လှစ်ခြင်း၊ အမှတ်တရ သစ်ပင်စိုက်ပျိုးခြင်း၊ ကမ္ပည်းမှတ်တမ်းအား အမွှေးနံ့သာဖြင့် ပက်ဖျန်းခြင်း၊ လွှတ်တော်အဆောက်အအုံနှင့် အစည်းအဝေးခန်းမသို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။

“လွှတ်တော်ကြီး ထည်ဝါခန့်ညားသလို လွှတ်တော်ကိုယ်စားလှယ်အနေနဲ့လည်း တည်ကြည်ခန့်ညားတဲ့ စိတ်ဓာတ်နဲ့ ပြည်သူလူထုအတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးကြရမှာပဲ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက အဖွင့်စကားတွင် ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ လွှတ်တော်ရုံး အဆောက်အအုံအား ကျပ်သန်း ၁၆၃၁ ဒသမ ၄၆၀ ဖြင့်လည်းကောင်း၊ Guest House အား ကျပ်သန်း ၁၇၃ ဒသမ ၂၈၀ ဖြင့်လည်းကောင်း၊ Canteen အား ကျပ်သန်း ၁၀၉ ဒသမ ၄၂၀ ဖြင့်လည်းကောင်း၊ ဟစ်တိုင်နှင့် ဟစ်တိုင်ခြံစည်းရိုးအား ကျပ်သန်း ၁၉ ဒသမ ၀၀ ဖြင့်လည်းကောင်း ကုန်ကျကြောင်း သိရသည်။

ပထမအကြိမ် လွှတ်တော်အစည်းအဝေးတွင် ပုံမှန်အစည်းအဝေး ၁၂ ကြိမ်၊ အရေးပေါ်အစည်းအဝေး ငါးကြိမ်၊ အထူးအစည်းအဝေး လေးကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် ပုံမှန်အစည်းအဝေး ကိုးကြိမ်၊ အရေးပေါ်အစည်းအဝေး ငါးကြိမ်နှင့် အထူးအစည်းအဝေး တစ်ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent