<

ကျပ် ၅၀၀ တန် အောင်ဘာလေထီအပြင် ကျပ်တစ်ထောင်တန် အောင်ဘာလေထီကိုပါ တွဲဖက်ရောင်းချနိုင်ရန် တင်ပြထားဆဲသာဖြစ်ဟုဆို

ကျပ် ၅၀၀ တန် အောင်ဘာလေထီအပြင် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီကိုပါ တွဲဖက်ရောင်းချနိုင်ရန်အတွက် တင်ပြထားဆဲသာဖြစ်ပြီး ခွင့်ပြု မပြုဆိုသည်ကို မသိရသေးကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ကျပ် ၅၀၀ တန် အောင်ဘာလေထီကို ၂၀၁၇ မတ်လအတွင်း စတင်ရောင်းချကာ ၂၀၁၇ ဧပြီ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်ခန့်အကြာတွင် ထိုသို့စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။

“ကျပ်တစ်ထောင်တန်ထီကိစ္စက တင်ပြထားတုန်းဖြစ်ပါတယ်။ ရောင်းဖြစ်မယ် မဖြစ်ဘူးဆိုတာ မသိရသေးပါဘူး။ ကျပ် ၅၀၀ တန် အောင်ဘာလေထီ ရောင်းပြီးနောက်ပိုင်းမှာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်အတွင်း အောင်ဘာလေသိန်းဆုခွန်ကတော့ ဟိုးတစ်နှစ်ကထက် နှစ်ဆကျော် ပိုရခဲ့ပါတယ်” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

ကျပ်တစ်ထောင်တန်ထီကို ရောင်းချဖြစ်ပါက ဆုမဲများလည်း ပိုမိုတိုးမြှင့် ဖွင့်လှစ်ပေးနိုင်မည်ဟုဆိုသည်။ သို့သော် ယင်းမှာ ထီဝယ်လိုအားအပေါ်တွင်လည်း မူတည်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

လက်ရှိတွင် ကျပ် ၅၀၀ တန်ထီမှာ ပြင်ပဈေးကွက်၌ ၁၀ စောင်တွဲထိုးပါက ကျပ် ၆၀၀၀ ၀န်းကျင်ခန့်ရှိနေပြီး ထီဝါသနာရှင်များအနေဖြင့် ယခင်ကထက် ဈေးနှုန်းကြီးမြင့်မှု၊ ပိုမိုကုန်ကျလာမှုများ ခံစားနေရကြောင်း သိရသည်။

၁၉၉၅-၁၉၉၆ ခုနှစ်တွင် ကျပ် ၅၀ တန်ထီကို စတင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ၂၀၀၄-၂၀၀၅ တွင် ကျပ် ၁၀၀ တန်ထီကို စတင်ခဲ့သည်။

ကျပ် ၂၀၀ တန် အောင်ဘာလေထီကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် စတင်ရောင်းချခဲ့ပြီး ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က အမြင့်ဆုံးဆုမှာ ကျပ်သိန်း ၁၀၀၀ ဖြစ်သည်။ ထို့နောက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွင့်လှစ်သည့် အကြိမ်မြောက်မှစ၍ အထူးဆုကြီးအဖြစ် ကျပ်သိန်း ၁၅၀၀ ဆုပေါ်ပေါက်လာပြီး တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကျပ် ၂၀၀ တန်ထီကို ၂၀၁၇ ခုနှစ် မေလတွင် နောက်ဆုံးထားရောင်းချခဲ့ပြီး ၂၀၁၇ ဇွန် ၁ ရက်တွင် နောက်ဆုံးဖွင့်လှစ်ခဲ့ပြီးနောက် ဖျက်သိမ်းခဲ့ကာ ကျပ် ၅၀၀ တန်ထီများကိုသာ ဆက်လက်ရောင်းချခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထီတန်ဖိုးမြင့်တက်ရောင်းချခြင်းများကို ဆယ်စုနှစ်တစ်စုခန့် ကြာမြင့်ပြီးနောက်တွင်သာ တိုးတက်ပြောင်းလဲခဲ့သည်ကို တွေ့ရပြီး ယခုကဲ့သို့ ကျပ် ၅၀၀ တန် ထီစတင်ပြီးနောက် တစ်နှစ်ခန့်သာအကြာတွင် နောက်ထပ်ဈေးနှုန်းနှစ်ဆ ကြီးမြင့်သော အောင်ဘာလေထီကို ထုတ်ဝေရောင်းချရန်မှာ စိန်ခေါ်မှုများရှိနေကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

May 19, 2018














Copy Protected by Chetan's WP-Copyprotect.