ဝေးလံခေါင်သီသောဒေသများတွင် Universal Service Fund ဖြင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းများကို ယခုနှစ်ကုန် သို့မဟုတ် လာမည့်နှစ်အတွင်း စတင်နိုင်

ဝေးလံခေါင်သီသောဒေသများတွင် Universal Service Fund ဖြင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းများကို ယခုနှစ်ကုန် သို့မဟုတ် လာမည့်နှစ်အတွင်း စတင်နိုင်
Published 20 May 2018

ကျေးလက်ဒေသရှိ ဆက်သွယ်ရေးတာဝါတိုင်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးထွန်း)

ဝေးလံခေါင်သီသောဒေသများတွင် Universal Service Fund ဖြင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်သွယ်ရေးအော်ပရေတာများသို့ တင်ဒါခေါ်ပြီးနောက် ယခုနှစ်ကုန် သို့မဟုတ် လာမည့်နှစ်အတွင်း လုပ်ငန်းများစတင်နိုင်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ စုံစမ်းသိရသည်။

စီးပွားရေးအရ တွက်ခြေမကိုက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဝေးလံခေါင်သီမှုကြောင့် ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံ တည်ဆောက်ရန် ကျန်ရစ်နေသော ဝေးလံခေါင်သီသည့် ကျေးလက်ဒေသများအတွက် ဆက်သွယ်ရေးအော်ပရေတာများထံမှပင် ကောက်ခံရရှိသော ရန်ပုံငွေတစ်ရပ်ဖြင့် ဖြည့်စွက်ထောက်ပံ့ကာ ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် အဆိုပါဒေသများအတွက် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ပေးရန် စီစဉ်ပေးခြင်းဖြစ်သည်။

ထိုသို့လုပ်ဆောင်ပေးရန် လက်ရှိတွင် ပရောဂျက်ဒီဇိုင်း ရေးဆွဲခြင်းနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုများအတွက် အသေးစိတ်အစီအစဉ်များကို ရေးဆွဲနေကြောင်း သိရသည်။

“ကမ္ဘာ့ဘဏ်ရဲ့အကူအညီနဲ့ Universal Service Fund အတွက် Consultant ခေါ်ခဲ့တာက လွန်ခဲ့တဲ့တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ကတည်းကပါ။ ဒီရန်ပုံငွေတွေကို ဘယ်ဒေသတွေအတွက် ဘယ်လိုသုံးစွဲမလဲဆိုတာ လုပ်ငန်းစဉ် စနစ်တကျဖြစ်အောင် ရေးဆွဲနေရတာတွေရှိတယ်။ ဒါမှလည်း အော်ပရေတာတွေက ရန်ပုံငွေထည့်ဝင်မှာပေါ့။ ပြီးရင် တင်ဒါခေါ်မယ်။ ဆက်သွယ်ရေးအော်ပရေတာထဲကပဲပေါ့။ ဒီလိုမျိုး USF ရန်ပုံငွေနဲ့ လုပ်ဆောင်ပေးရတာက ဆက်သွယ်ရေးအော်ပရေတာတွေအနေနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်တဲ့အခါ ၁၀၀ ရင်းပြီး ၁၀၀ ပြန်ရမလား၊ ၁၀၀ ရင်းပြီး ၅၀ ပဲ ပြန်ရမလား အကျိုးအမြတ်ကိုကြည့်တဲ့အခါ ၅၀ ပဲပြန်ရနိုင်မယ့် ဒေသမျိုးမှာ ကျန်တဲ့ ၅၀ အတွက် ဒီရန်ပုံငွေနဲ့ ဖြည့်စွက်ဆောင်ရွက်ပေးရတာမျိုးပေါ့။ ဒါက တာဝါဆောက်ပြီးရုံနဲ့မပြီးပါဘူး။ ပြုပြင်ထိန်းသိမ်းလည်ပတ်ရတဲ့ စရိတ်တွေရှိပါသေးတယ်။ လျှပ်စစ်မီးမရှိတဲ့ဒေသတွေဆိုရင် မီးစက်မောင်းရတဲ့စရိတ်တွေရှိတယ်။ အဲဒါတွေအတွက်ပါ ငါးနှစ်စာဆိုရင် ဘယ်လောက်ကုန်မလဲဆိုတာ တွက်ချက်ပြီး သုံးစွဲသူဆီက ပြန်ရငွေအနေနဲ့ ဘယ်လောက်ရှိနိုင်မလဲ၊ ဒီရန်ပုံငွေထဲကနေ ဘယ်လောက်သုံးစွဲမလဲဆိုတာ ညှိနှိုင်းဆွေးနွေးရတာတွေ ရှိပါတယ်။ လိုတဲ့ငွေအတွက် ဒီရန်ပုံငွေကနေ စိုက်ထုတ်သုံးစွဲရတာမျိုးပေါ့” ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

ဆက်သွယ်ရေးအော်ပရေတာများအနက် လိုင်စင်သက်တမ်းသုံးနှစ်နှင့် အထက်ရှိသူများသာ Universal Service Fund ထည့်ဝင်လေ့ရှိပြီး တင်ဒါခေါ်ပြီးပါက လုပ်ငန်းများစတင်ခြင်းကို ယခု ၂၀၁၈ နှစ်ကုန် သို့မဟုတ် လာမည့် ၂၀၁၉ ခုနှစ်အတွင်း စတင်နိုင်ဖွယ်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် နိုင်ငံ့လူဦးရေ၏ ရာခိုင်နှုန်း ၉၀ သို့ ကွန်ရက်လွှမ်းခြုံထားနိုင်ပြီးဖြစ်ကြောင်း ထုတ်ပြန်မှုများ ရှိနေသော်လည်း ဆက်သွယ်ရေးဝန်ဆောင်မှုများ မရရှိသေးသောဒေသများအနေဖြင့် မည်သည့်အချိန်တွင် ရရှိနိုင်မည်ကို လွှတ်တော်အတွင်း မေးမြန်းမှုများ မကြာခဏရှိနေကြောင်း သိရသည်။

Most Read

Most Recent