မစ္စတာကိုဖီအာနန်၏ နောက်ဆုံးအကြိမ် အစီရင်ခံစာတင်သွင်းပြီးနောက်ပိုင်း IDP စခန်းသုံးခုပိတ်သိမ်းနိုင်ခဲ့ပြီး နောက်ထပ်စခန်းလေးခု မကြာမီပိတ်သိမ်းမည်ဟု သိရ

မစ္စတာကိုဖီအာနန်၏ နောက်ဆုံးအကြိမ် အစီရင်ခံစာတင်သွင်းပြီးနောက်ပိုင်း IDP စခန်းသုံးခုပိတ်သိမ်းနိုင်ခဲ့ပြီး နောက်ထပ်စခန်းလေးခု မကြာမီပိတ်သိမ်းမည်ဟု သိရ
Published 20 May 2018

မြေပုံတောင်ပေါ် IDP စခန်းကိုပိတ်သိမ်းပြီး နေအိမ်အသစ်များ ဆောက်လုပ်ပေးထားသည်ကို တွေ့ရစဉ် (Photo: san myatshwe)

မစ္စတာကိုဖီအာနန်၏ နောက်ဆုံးအကြိမ် အစီရင်ခံစာ တင်သွင်းပြီးနောက်ပိုင်း IDP စခန်းသုံးခုကို ပိတ်သိမ်းနိုင်ခဲ့ပြီး နောက်ထပ်စခန်းလေးခုကို မကြာမီပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

မစ္စတာကိုဖီအာနန်၏ နောက်ဆုံးအကြိမ် အစီရင်ခံစာ တင်သွင်းပြီးနောက်ပိုင်း ပိတ်သိမ်းပြီး IDP စခန်းသုံးခုမှာ ရမ်းဗြဲ၊ ကျောက်ဖြူနှင့် ပေါက်တောမြို့နယ်မှ စခန်းတစ်ခုဖြစ်ကြောင်းနှင့် မကြာမီ ဆက်လက်ပိတ်ရန်ရှိနေသည့် IDP စခန်း လေးခုမှာ ကျောက်တော်မြို့နယ်မှ နိဒင်စခန်း၊ မြေပုံမြို့နယ်မှ တောင်ပေါ်စခန်းနှင့် စစ်တွေမြို့နယ်မှ သက္ကေပြင်စခန်းနှင့် ခေါင်းဒုက္ကာစခန်း တို့ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က “ပိတ်လိုက်တဲ့သုံးခုက ရမ်းဗြဲကတစ်ခု၊ ကျောက်ဖြူကတစ်ခု၊ ပေါက်တောက တစ်ခုဖြစ်တယ်။ နောက်ပိတ်ဖို့ကျန်နေတဲ့ လေးခုက ကျောက်တော်က နိဒင်၊ စစ်တွေက သက္ကေပြင်စခန်းနဲ့ ခေါင်းဒုက္ကာစခန်း၊ မြေပုံက တောင်ပေါ်စခန်းဖြစ်တယ်။ မြေပုံတောင်ပေါ်စခန်းကတော့ ပိတ်နေပြီ တစ်ဆင့်ပြီးတစ်ဆင့် ပိတ်နေတာကိုး” ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် မြေပုံမြို့နယ် တောင်ပေါ်စခန်းကို ပိတ်သိမ်း၍ ပထမအဆင့်အနေဖြင့် နေအိမ်အလုံး ၅၀ ဆောက်လုပ်ပြီးစီးပြီ ဖြစ်သည့်အတွက် အိမ်ထောင်စုအချို့မှာ နေအိမ်အသစ်များသို့ ပြောင်းရွှေ့နေထိုင်နေကြပြီဖြစ်ကြောင်းနှင့် ကျန်ရှိသည့်နေအိမ်များကိုလည်း ဆက်လက်ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေပုံတောင်ပေါ်စခန်းတွင် မိသားစု ၆၄၂ စုလူဦးရေ ၃၀၆၇ ဦးရှိကြောင်း သိရသည်။ အိမ်ထောင်စု ၈၅ စု၊ လူဦးရေ ၅၈၁ ဦးရှိသည့် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာ IDP စခန်းပိတ်သိမ်းပြီး ကျေးရွာနှင့် တစ်ဆက်စပ်တည်း ပြန်လည်နေရာချထားရေး အစီအစဉ်များအား စခန်းစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ နိဒင်ကျေးရွာတာဝန်ခံများ၊ စခန်းနေထိုင်သူများနှင့် ညှိနှိုင်းပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်တို့သည် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်နှင့် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၅ ရက်က ကျောက်တော်မြို့နယ် နိဒင်ကျေးရွာ IDP စခန်းသို့ရောက်ရှိပြီး စခန်းစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ နိဒင်ကျေးရွာတာဝန်ခံများ၊ စခန်းနေထိုင်သူများနှင့် တွေ့ဆုံခဲ့ကာ IDP စခန်းအားပိတ်သိမ်းပြီး ကျေးရွာနှင့်တစ်ဆက်စပ်တည်း ပြန်လည်နေရာချထားရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေးကော်မတီမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်သည် ဧပြီ ၆ ရက်တွင် စစ်တွေမြို့နယ်ရှိ ခေါင်းဒုက္ကာ (၁) နှင့် (၂) စခန်းများရှိ စခန်းတာဝန်ခံများ၊ စခန်းအတွင်း နေထိုင်သူများနှင့်တွေ့ဆုံပြီး စခန်းပိတ်သိမ်းနိုင်မည့် အခြေအနေများကို ကနဦး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များသည် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအားလုံး၏ ဖွံ့ဖြိုးမှုရရှိရေးအတွက် လက်တွေ့အရေးယူဆောင်ရွက်ရန် လုပ်ငန်းစဉ်များဖြစ်ကြောင်း၊ မစ္စတာကိုဖီအာနန်၏ ကော်မရှင်မှ အကြံပြုချက် ၈၈ ချက်၊ အမျိုးသားအဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အကြံပြုချက် ၄၈ ချက် တင်ပြထားခဲ့ကြောင်း၊ အကြံပြုချက်အများစုမှာ ထပ်နေကြောင်း၊ အကြံပြုချက် ၅၇ ချက်ကို မကြာမီအကောင်အထည်ဖော် ပြီးစီးတော့မည်ဖြစ်ပြီး ၃၁ ချက်ကိုမူ ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ ပထမအကြိမ်အစီရင်ခံစာကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် ထုတ်ပြန်ခဲ့ပြီး ဒုတိယအကြိမ် အစီရင်ခံစာကို ၂၀၁၈ ခုနှစ် မေလတွင် တင်ပြရန်ရှိကြောင်း သိရသည်။

Most Read

Most Recent