နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးဖြေရှင်းမည်ဖြစ်ပြီး လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းရန် ဆုံးဖြတ်ထားကြောင်း KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ပြောကြား

နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးဖြေရှင်းမည်ဖြစ်ပြီး လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းရန် ဆုံးဖြတ်ထားကြောင်း KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ပြောကြား
Published 20 May 2018

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ပြီး လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုရန် ဆုံးဖြတ်ထားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော KNU ကိုယ်စားလှယ်အဖွဲ့တို့ မေ ၁၇ ရက်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုသို့တွေ့ဆုံရာတွင် တပ်မတော်နှင့် KNU လက်အောက်ခံ KNLA တပ်မဟာ (၅) အကြားဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ကာ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကတော့ ပြဿနာဖြစ်လို့ရှိရင် တွေ့ဆုံဆွေးနွေးမယ်ဆိုတာပဲရှိတယ်။ ပြဿနာကို လက်နက်ကိုင်နည်းလမ်းနဲ့ မရှင်းဘူးလို့ ကျွန်တော်တို့ အဲဒီလိုပဲဆုံးဖြတ်ထားတယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ် KNLA တပ်မဟာ (၅) နယ်မြေအတွင်း တပ်မတော်က ခေးပူ-လွယ်မူပလော လမ်းကြောင်းအား ဖောက်လုပ်ခဲ့သည့်အတွက် တပ်မတော်နှင့် KNLA တပ်မဟာ (၅) အကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး အဆိုပါပဋိပက္ခများနှင့်ပတ်သက်၍ တပ်မတော်နှင့် KNU တို့၏ မေ ၁၇ ရက် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် ပြေလည်အောင် ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ကာ အလွတ်သဘောတွေ့ဆုံပွဲ၏ ရလဒ်အနေဖြင့် ခေးပူ-လွယ်မူပလော လမ်းကြောင်းအား ဆက်လက်ဖောက်လုပ်ခြင်းမပြုရန် တပ်မတော်က သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လမ်းကြောင်းဖောက်လုပ်ရာတွင် လုံခြုံရေးတာဝန်ရယူထားသည့် တပ်မတော်စစ်ကြောင်းများကိုလည်း တပ်မတော်ဘက်က ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ မေ ၁၇ ရက် တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင်မူ လမ်းကြောင်းဖောက်လုပ်မှုကို ယာယီရပ်ဆိုင်းထားမည်ဟု ဖော်ပြခဲ့သည်။

“တပ်မတော်က ယာယီရပ်ဆိုင်းထားတယ်လို့ ပြောတယ်။ ဒါက ယာယီဆိုတာက အကန့်အသတ်တော့မရှိဘူးပေါ့။ ရပ်ဆိုင်းတာလည်း အဲဒီလိုပါပဲ။ ရပ်စဲတာမဟုတ်ဘူး။ ရပ်ဆိုင်းတယ်ဆိုတာက လတ်တလောမှာမလုပ်ဘူးပေါ့။ ဒါပေမဲ့ သင့်တော်တဲ့အချိန်၊ တကယ်လို့ ယုံကြည်မှုကလည်းပြည့်ဝပြီး ပြည်သူလူထုကလည်း ကြောက်ရွံ့မှုကင်းမဲ့တဲ့အချိန် သို့မဟုတ်ရင်လည်း ဘာမှစိုးရိမ်မှုမရှိတဲ့အချိန်မှာ သူတို့လည်း နားလည်သဘောပေါက် လက်ခံနိုင်တဲ့အချိန်မှာကျတော့ ဒါက ဖောက်ရမယ့် အနေအထားရှိတယ်ဆိုလည်း ဖောက်ရမှာပေါ့။ ဒါက ဘယ်အချိန်လဲဆိုတာတော့ ကျွန်တော်တို့အတိအကျတော့ ပြောလို့မရဘူး” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

အဆိုပါ လမ်းဖောက်လုပ်မှုကြောင့် တပ်မတော်နှင့် KNLA တပ်မဟာ (၅) တို့တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ ဖြစ်ပွားခဲ့ကြသည့်အတွက် ဒေသအတွင်းရှိ ကျေးရွာပေါင်း ၁၄ ရွာမှ လူဦးရေ ၂၀၀၀ ကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး တပ်မတော်နှင့် KNU တို့၏ မေ ၁၇ ရက် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုရလဒ်အဖြစ် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သွားသူများကို တပ်မတော်က အနှောင့်အယှက်ပေးမည် မဟုတ်ဘဲ ၎င်းတို့၏ လုပ်ကိုင်စားသောက်ရာ နေရပ်ရင်းကျေးရွာများသို့ အေးချမ်းစွာ ပြန်လည်အခြေချနေထိုင် လုပ်ကိုင်သွားနိုင်ရေးတို့ကို တပ်မတော်နှင့် KNU တို့ သဘောတူခဲ့သည်ဟု KNU က မေ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်နှင့် KNLA တပ်မဟာ (၅) တို့၏ စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော လူဦးရေ ၂၀၀၀ ကျော်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် အသိသက်သေအဖြစ် ပါဝင်ခဲ့ကြသော ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများက လူသားချင်းစာနာမှု အကူအညီများပေးအပ်ရန် မတ် ၁၆ ရက်တွင် KNU က ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုထားသော်လည်း တပ်မတော်နှင့် KNU တို့၏ ယခုအလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင် အဆိုပါအချက်ကို ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

KNU အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာသွားမည်ဟူသည့် မူရပ်တည်ချက်အတိုင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားမည်ဟု KNU က သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent