မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းစဉ်တွင် အရေးပါသော အရပ်ဘက်အဖွဲ့အစည်းများကို USAID အနေဖြင့်သာမက အမေရိကန်နိုင်ငံသား တစ်ယောက်အနေဖြင့်ပါ ဆက်လက်ကူညီမည်ဖြစ်ကြောင်း USAID ၏ အုပ်ချုပ်ရေးမှူး ပြောကြား

မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းစဉ်တွင် အရေးပါသော အရပ်ဘက်အဖွဲ့အစည်းများကို USAID အနေဖြင့်သာမက အမေရိကန်နိုင်ငံသား တစ်ယောက်အနေဖြင့်ပါ ဆက်လက်ကူညီမည်ဖြစ်ကြောင်း USAID ၏ အုပ်ချုပ်ရေးမှူး ပြောကြား
Published 20 May 2018

မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းစဉ်တွင် အရေးပါသော အရပ်ဘက်အဖွဲ့အစည်းများကို USAID အနေဖြင့်သာမကဘဲ အမေရိကန်နိုင်ငံသား တစ်ယောက်အနေဖြင့်ပါ ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အုပ်ချုပ်ရေးမှူး မတ်ခ်ဂရင်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ မေ ၁၉ ရက်က ကျင်းပသည့် ပါဝင်ဆောင်ရွက်မှု အခြေခံအုပ်ချုပ်ရေးနည်းစနစ် အလုပ်ရုံဆွေးနွေးပွဲတွင် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အုပ်ချုပ်ရေးမှူး မတ်ခ်ဂရင်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားသည်။

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ကြည့်ခြင်းအားဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်နိုင်ပြီလားဆိုသည်ကို အချင်းချင်းမေးခွန်းထုတ်သင့်ကြောင်း အုပ်ချုပ်ရေးမှူး မတ်ခ်ဂရင်းက ပြောကြားသည်။

“မြန်မာပြည်မှာ စစ်မှန်သော ဒီမိုကရေစီ ဖြစ်မြောက်ရေးလမ်းစဉ်မှာ ကြားသိနေရတဲ့ အဂတိလိုက်စားမှုတွေနဲ့ အခြားမတရားမှုတွေကိုလည်း ကြည့်လိုက်ခြင်းအားဖြင့် ပန်းတိုင်ရောက်ဖို့ ဝေးကွာနေဆဲဖြစ်တယ်။ ပြီးတော့ ကြိုးစားလုပ်ကိုင်ရမည့် အရာများစွာ ရှိနေသေးတယ်။ USAID အနေနဲ့ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်မြောက်ရေးလမ်းစဉ်မှာ တက်ကြွတဲ့ အရပ်ဘက်အဖွဲ့အစည်းများ ပိုမိုအားကောင်းလာရန် ဆက်လက်ထောက်ပံ့သွားမယ်” ဟု မတ်ခ်ဂရင်းက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်က မြန်မာနိုင်ငံ၏ မီဒီယာကဏ္ဍတိုးတက်လာနိုင်ရန် အထောက်အကူများ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပြီး အထူးသဖြင့် မီဒီယာများ၏စွမ်းရည်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်များအတွက် အထူးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မီဒီယာများနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

USAID ၏ အုပ်ချုပ်ရေးမှူး မတ်ခ်ဂရင်းသည် မေ ၁၈ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် USAID မှ မြန်မာနိုင်ငံအတွင်း လက်ရှိဆောင်ရွက်နေသော စားနပ်ရိက္ခာလုံခြုံရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စရပ်များအပါအဝင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အထောက်အကူပြုရေး အစီအစဉ်များနှင့် အနာဂတ်ဦးစားပေးလုပ်ငန်းများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ အသင့်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများ၊ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်း နှစ်ရပ်စလုံး သဟဇာတဖြစ်ရေး၊ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးတို့အတွက် USAID မှ ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်မည့် အစီအမံများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent