ငွေဆောင်ကမ်းခြေတွင် ဟိုတယ်အခန်းပေါင်း ၁၃၇၀ ကျော်ရှိလာပြီး နှစ်စဉ်အခန်းတိုးတက်မှုနှုန်း ၁၂ ရာခိုင်နှုန်းရှိသော်လည်း ၂၀၁၇ ခုနှစ်တွင် ပျမ်းမျှအခန်းငှားရမ်းမှုပမာဏ ၆၈ ရာခိုင်နှုန်းသာရှိ

ငွေဆောင်ကမ်းခြေတွင် ဟိုတယ်အခန်းပေါင်း ၁၃၇၀ ကျော်ရှိလာပြီး နှစ်စဉ်အခန်းတိုးတက်မှုနှုန်း ၁၂ ရာခိုင်နှုန်းရှိသော်လည်း ၂၀၁၇ ခုနှစ်တွင် ပျမ်းမျှအခန်းငှားရမ်းမှုပမာဏ ၆၈ ရာခိုင်နှုန်းသာရှိ
Published 20 May 2018

ဧရာဝတီတိုင်းဒေသကြီးရှိ ငွေဆောင်ကမ်းခြေတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဝင်းသူအောင်)

ငွေဆောင်ကမ်းခြေတွင် ဟိုတယ်အခန်းပေါင်း ၁၃၇၀ ကျော်ရှိလာပြီး နှစ်စဉ်အခန်းအရေအတွက် တိုးတက်မှုနှုန်း ၁၂ ရာခိုင်နှုန်းရှိသော်လည်း ၂၀၁၇ ခုနှစ်တွင် ပျမ်းမျှအခန်း ငှားရမ်းမှုပမာဏ ၆၈ ရာခိုင်နှုန်းသာရှိကြောင်း ကနေဒါအခြေစိုက် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း Colliers International ၏ ဈေးကွက်ဆိုင်ရာ သုံးသပ်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်း စတင်ပွင့်လန်းခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ ငွေဆောင်ကမ်းခြေသည် ပြည်တွင်းပြည်ပ ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ခဲ့ပြီး အထူးသဖြင့် ရန်ကုန်မြို့နေ မိသားစုများအတွက် အားလပ်ရက် အပန်းဖြေရာ အဓိကကမ်းခြေတစ်ခု ဖြစ်လာသည်။ ခရီးသွားတိုးတက်လာမှုနှင့်အတူ ဟိုတယ်များ အခန်းငှားရမ်းမှုနှုန်းထား မြင့်တက်လာပြီး ဟိုတယ်များ၏ မတူကွဲပြားသည့် အဆောက်အအုံ၊ မြင်ကွင်း၊ ဝန်ဆောင်မှုများ အဆင့်မြှင့်ခြင်းဖြင့် ငွေဆောင်သည် ကမ္ဘာ့ခရီးသွားဈေးကွက်တွင် ရှေ့ဆက်နိုင်မည်ဖြစ်သည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ပြုလုပ်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး အရှေ့တောင်အာရှ ခရီးသွားဈေးကွက်တွင် အလားအလာကောင်းမွန်သည့် ဒေသတစ်ခု ဖြစ်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိက ခရီးသွားဒေသများဖြစ်သော ရန်ကုန်၊ ပုဂံ၊ အင်းလေး၊ မန္တလေး၊ ကျိုက်ထို၊ ငပလီကဲ့သို့ပင် ငွေဆောင်သည် ခရီးသွားများ ရွေးချယ်ရာ အထင်ကရဒေသတစ်ခု ဖြစ်လာပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ တိုးတက်မှုအတွက် အဓိကကမ်းခြေတစ်ခုလည်းဖြစ်သည်။

ငွေဆောင်ကမ်းခြေသည် ၁၇ ကီလိုမီတာရှည်လျားပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုနှင့် နေရာထိုင်ခင်း ရွေးချယ်စရာပေါများမှုကြောင့် ငပလီနှင့် မြိတ်ကျွန်းစုထက် ခရီးသွားများကို ဆွဲဆောင်ထားနိုင်သည်။ ၂၀၀၀ ပြည့်နှစ်က ဟိုတယ်အခန်းအရေအတွက် ၂၀၀ အောက်သာရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၁၃၇၀ ကျော်ရှိလာပြီး ပျမ်းမျှအခန်းအရေအတွက် တိုးတက်မှုနှုန်း တစ်နှစ်လျှင် ၁၂ ရာခိုင်နှုန်း ရှိခဲ့သည်။

အခန်းအရေအတွက်၏ ၄၄ ရာခိုင်နှုန်းမှာ 3-4 Star အလယ်အလတ် အဆင့်အခန်း၊ ၂၁ ရာခိုင်နှုန်းမှာ 4-5 Star အဆင့်မြင့်အခန်း၊ ၁၈ ရာခိုင်နှုန်းမှာ 5 Star Luxury အဆင့်အခန်း၊ ၁၂ ရာခိုင်နှုန်းမှာ 2 Star အဆင့်အခန်း၊ ငါးရာခိုင်နှုန်းမှာ 1 Star အဆင့် အခန်းများဖြစ်ပြီး Colliers က ငွေဆောင်ကမ်းခြေ အနာဂတ်ဟိုတယ်ဈေးကွက်အတွက် 3 Star အခန်းများက အလားအလာအကောင်းဆုံးဟု သုံးသပ်ထားသည်။

ခရီးသွားဝင်ရောက်မှုနှုန်း နည်းပါးသောရာသီနှင့် များပြားသည့်ရာသီများတွင် အခန်းအမျိုးအစားအလိုက်ရှိ အခန်းငှားရမ်းရမှုနှုန်းများ ကွဲပြားပြီး အခန်းအားလုံး၏ ပျမ်းမျှနှစ်စဉ် အခန်းငှားရမ်းမှုပမာဏမှာ ခရီးသွားနည်းပါးသည့်အချိန်တွင် ၃၇ ရာခိုင်နှုန်း၊ ခရီးသွားများပြားသည့်အချိန်တွင် ၈၉ ရာခိုင်နှုန်းရှိကာ တစ်နှစ်ပတ်လုံး ပျမ်းမျှနှစ်စဉ် အခန်းငှားရမ်းမှုပမာဏမှာ ၆၈ ရာခိုင်နှုန်းသာရှိသည်။ ငွေဆောင်ကမ်းခြေရှိ ဟိုတယ်အားလုံး၏ ပျမ်းမျှအခန်းခနှုန်းထားမှာ တစ်ရက်လျှင် ဒေါ်လာ ၁၁၀ ဖြစ်ပြီး 3-4 Star အခန်းများက ၉၆ ဒသမ ၇၈ ဒေါ်လာ၊ 4-5 Star အခန်းများက ၁၇၅ ဒသမ ၄၁ ဒေါ်လာ၊ 5 Star Luxury အခန်းများက ၁၇၄ ဒသမ ၁၃ ဒေါ်လာဖြစ်ကြောင်း သိရသည်။

Most Read

Most Recent