ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ ဖူလုံစေရေးနည်းလမ်းများ ရှာဖွေရန်နှင့် နိုင်ငံတကာသို့ တင်ပို့နိုင်ရေး စဉ်းစားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ပြောကြား

ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ ဖူလုံစေရေးနည်းလမ်းများ ရှာဖွေရန်နှင့် နိုင်ငံတကာသို့ တင်ပို့နိုင်ရေး စဉ်းစားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 20 May 2018

ပြည်တွင်းရှိ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်မြေသြဇာစက်ရုံများနှင့် အခြားစက်ရုံများအတွက် ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ ဖူလုံစေရေးနည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်းဈေးကွက် တစ်ခုတည်းကို မကြည့်ဘဲ နိုင်ငံတကာသို့ တင်ပို့နိုင်ရေးအထိ အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားဆောင်ရွက်ရန်လိုကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၈ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး ကာလလတ်အနေဖြင့် နောင်သုံးနှစ်အတွင်း မဂ္ဂါဝပ် ၃၀၀၀ ရရှိရေးကို LNG စီမံကိန်းသုံးခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ မြေအသစ်များ ရှာဖွေနိုင်ရန် အတွေးအမြင်သစ်၊ နည်းပညာသစ်များဖြင့် ရှာဖွေတွေ့ရှိမှု အသစ်ရရှိရေး၊ စွန့်ဦးတီထွင်မှုနည်းပညာ၊ ဆန်းသစ်ဖန်တီးမှုနည်းလမ်းနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

ကျေးရွာများအရောက် တစ်နိုင်ငံလုံး LPG ကို ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ LPG ကို သယ်ယူပို့ဆောင်ရေးကဏ္ဍတွင်လည်း အသုံးပြုနိုင်ရေး မြှင့်တင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ ပထဝီဝင်အနေအထား အရေးပါမှုကို ထိထိရောက်ရောက် အသုံးချ၍ အိမ်နီးချင်းနိုင်ငံများသို့ ရေနံထွက်ပစ္စည်းများ တင်ပို့နိုင်ရေး စီမံဆောင်ရွက်သွားရန်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု စုပေါင်းအားတို့ဖြင့် ညီညွတ်စွာဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် Public Private Partnership (PPP)၊ Joint Venture (JV)၊ Build Operate Transfer (BOT) စနစ်များဖြင့် တိုင်းပြည်အကျိုးရှိစေရေး ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မျှော်မှန်းရလဒ်များကို အချိန်ကိုက်ရရှိရန် လိုအပ်ကြောင်း သိရသည်။

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းပေါင်းစုံဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍသည် မပါမဖြစ် အခြေခံကျသည့်အတွက် တစ်ဦးချင်း၊ ဌာနအလိုက် တာဝန်ကိုယ်စီ ကျေပွန်ခြင်းအားဖြင့် ဌာန၊ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးအောင် စုပေါင်းအားဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားတို့ဖြင့် အဓိက ဆောင်ရွက်နေခြင်းဖြစ်သည်။

Most Read

Most Recent