ပြည်တွင်းစက်သုံးဆီဈေး ငါးရက်အတွင်း လေးရာခိုင်နှုန်းဝန်းကျင် ထပ်မံမြင့်တက်ပြီး 92 Ron တစ်ဂါလန် ကျပ် ၃၉၀၀ ကျော်၊ ပရီမီယံဒီဇယ် တစ်ဂါလန် ကျပ် ၄၁၀၀ ကျော်ရောက်ရှိ

ပြည်တွင်းစက်သုံးဆီဈေး ငါးရက်အတွင်း လေးရာခိုင်နှုန်းဝန်းကျင် ထပ်မံမြင့်တက်ပြီး 92 Ron တစ်ဂါလန် ကျပ် ၃၉၀၀ ကျော်၊ ပရီမီယံဒီဇယ် တစ်ဂါလန် ကျပ် ၄၁၀၀ ကျော်ရောက်ရှိ
Published 20 May 2018

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ပြည်တွင်းစက်သုံးဆီဈေး ဆက်လက်မြင့်တက်လာပြီး 92 Ron တစ်ဂါလန် ကျပ် ၃၉၀၀ ကျော်၊ ပရီမီယံဒီဇယ် တစ်ဂါလန် ကျပ် ၄၁၀၀ ကျော်အထိ ရောက်ရှိခဲ့ကာ ငါးရက်အတွင်း လေးရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၈ ခုနှစ် မေ ၁၉ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ၈၉၅ ကျပ် (တစ်ဂါလန် ၄၀၆၃ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၉၁၀ (တစ်ဂါလန် ၄၁၃၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၈၆၀ (တစ်ဂါလန် ၃၉၀၄ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၉၁၀ ကျပ် (တစ်ဂါလန် ၄၁၃၁ ကျပ်) ဖြစ်သည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ် မေ ၁၅ ရက်တွင်ဖြစ်ပေါ်သည့် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဒီဇယ်တစ်လီတာ ကျပ် ၃၀ (၃ ဒသမ ၄၆ ရာခိုင်နှုန်း)၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၃၀ (၃ ဒသမ ၄၀ ရာခိုင်နှုန်း)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၃၀ (၃ ဒသမ ၆၁ ရာခိုင်နှုန်း)၊ အောက်တိန်း 95 Ron တစ်လီတာ ၃၅ ကျပ် (လေးရာခိုင်နှုန်း) ငါးရက်အတွင်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၆၅၀ (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ရာ လက်ရှိအစိုးရ စတင်တက်ရောက်ချိန်တွင် ဖြစ်ပေါ်သော စက်သုံးဆီဈေးနှင့် ၂၀၁၈ ခုနှစ် မေ ၁၉ ရက် ဈေးနှုန်းနှိုင်းယှဉ်ပါက ဒီဇယ် ၇၉ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၆၃ ရာခိုင်နှုန်း၊ 92 Ron ၅၆ ရာခိုင်နှုန်း၊ 95 Ron ရာခိုင်နှုန်း ၄၀ ဈေးနှုန်း မြင့်တက်ခဲ့သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှစတင်၍ ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရေနံဈေးနှုန်းသည် အောက်တိုဘာဆန်းပိုင်းတွင် ၅၁ ဒေါ်လာ၊ နိုဝင်ဘာလဆန်းတွင် ၅၅ ဒေါ်လာ၊ ဒီဇင်ဘာလဆန်းတွင် ၅၈ ဒေါ်လာ၊ ဇန်နဝါရီလဆန်းတွင် ၆၁ ဒေါ်လာ၊ ဖေဖော်ဝါရီလဆန်းတွင် ၆၄ ဒေါ်လာ၊ ဧပြီလကုန်ပိုင်းတွင် ၆၈ ဒေါ်လာ၊ မေ ၁၀ ရက်တွင် ၇၁ ဒေါ်လာအထိ ဆက်လက်မြင့်တက်ခဲ့ကာ ဧပြီလဆန်းပိုင်းဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ထားသော မေ ၁၈ ရက်တွင် ပြည်ပမှဝယ်ယူရသည့် စက်သုံးဈေးနှုန်း (တစ်စည်) များမှာ 92 Ron ၈၉ ဒသမ ၄၂ ဒေါ်လာ၊ 95 Ron ၉၂ ဒသမ ၂၅၀ ဒေါ်လာ၊ ဒီဇယ် ၉၂ ဒသမ ၀၄ ဒေါ်လာ၊ ပရီမီယံဒီဇယ် ၉၃ ဒသမ ၁၄ ဒေါ်လာတို့ဖြစ်ပြီး ဧပြီ ၃၀ ရက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက 92 Ron သည် ၈ ဒသမ ၁၈ ဒေါ်လာ၊ 95 Ron သည် ၈ ဒသမ ၀၄ ဒေါ်လာ၊ ဒီဇယ် ၅ ဒသမ ၆ ဒေါ်လာ၊ ပရီမီယံဒီဇယ် ၅ ဒသမ ၉၄ ဒေါ်လာမြင့်တက်ခဲ့ကြောင်း သိရသည်။

နိုင်ငံခြားငွေလဲနှုန်းသည် မေလအတွင်း သိသိသာသာ မြင့်တက်ခဲ့ပြီး ဧပြီလကုန်ပိုင်းက တစ်ဒေါ်လာ ၁၃၃၁ ကျပ်ဝန်းကျင်ရှိသော ဒေါ်လာဈေးသည် မေ ၁၉ ရက်တွင် ၁၃၄၇ ကျပ်အထိ မြင့်တက်ခဲ့သည်။ ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းသည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်အပေါ် အခြေခံပြီး ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်ခြင်းဖြစ်သည်။

Most Read

Most Recent