ဧရာဝတီတိုင်းဒေသကြီး၌ ဆေးရုံနှင့် စာသင်ကျောင်းများတွင် အရည်အသွေးပြည့်မီမှုမရှိသည့် အဆောက်အအုံ တည်ဆောက်မှုများ စိစစ်တွေ့ရှိနေ

ဧရာဝတီတိုင်းဒေသကြီး၌ ဆေးရုံနှင့် စာသင်ကျောင်းများတွင် အရည်အသွေးပြည့်မီမှုမရှိသည့် အဆောက်အအုံ တည်ဆောက်မှုများ စိစစ်တွေ့ရှိနေ
Published 20 May 2018

ဧရာဝတီတိုင်းဒေသကြီး၌ ဆေးရုံနှင့် စာသင်ကျောင်းများတွင် အရည်အသွေးပြည့်မီမှုမရှိသည့် အဆောက်အအုံတည်ဆောက်မှုများ စိစစ်တွေ့ရှိနေကြောင်း တည်ဆောက်မှုလုပ်ငန်းစိစစ်ရေး ဧရာဝတီတိုင်းဒေသကြီးကော်မတီထံမှ သိရသည်။

အဆိုပါအခြေအနေများကို လက်ရှိတွင် ညောင်တုန်းပြည်သူ့ဆေးရုံ၊ ဇလွန်ပြည်သူ့ဆေးရုံ၊ မော်လမြိုင်ကျွန်း အ.ထ.ကနှင့် မြန်အောင်တာကြီးတန်း အ.မ.က တို့၌ စစ်ဆေးတွေ့ရှိထားကြောင်း ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စွမ်းက ပြောကြားသည်။

ဇလွန်ပြည်သူ့ဆေးရုံ လေးခန်းတွဲလေးထပ် အဆောင်အဆောက်အအုံမှာဆိုရင် အဆိုးဆုံးအခြေအနေကတော့ ကွန်ကရစ် Column တိုင်တစ်ခုနဲ့တစ်ခု အချိတ်အဆက်မရှိဘူး။ Ground Beam Level မှာ တစ်ပေလောက်ကြားမှာ ပြတ်နေတယ်။ ဒါကတော့ အဆိုးဆုံးအခြေအနေပါ။ ကျန်တဲ့အသေးအဖွဲ အခြေအနေတွေလည်း ရှိပါတယ်။ နောက်တစ်ခုကတော့ ညောင်တုန်းပြည်သူ့ဆေးရုံ သုံးထပ်ဆောင်ပါ။ အဆိုးဆုံးအခြေအနေကတော့ Column တိုင်သံချောင်းတွေကို ဖြတ်တောက်ထားတယ်။ ဖြတ်တောက်ပြီးတော့မှ Column တိုင်ကို နေရာရွှေ့ပြီး ကွန်ကရစ်လောင်းထားတာ ဖြစ်ပါတယ်။ ကျန်တဲ့အနည်းအကျဉ်း မှားယွင်းမှုတွေလည်း ရှိပါတယ်။ နောက်တစ်ခုကတော့ မော်လမြိုင်ကျွန်း အ. ထ.က ၁ ပါ။ အဲဒီမှာကတော့ Roof Beam အရွယ်အစားသေးနေတယ်။ သံချောင်းတွေ လျော့နည်းနေတယ်။ ပြီးတော့ ပထမထပ်ကြမ်းခင်းက သံဆန်ခါနှစ်ထပ် ဆင်ရမယ့်နေရာမှာ တစ်ထပ်ပဲဆင်ထားတယ်။ ဒါကတော့ အဆိုးဆုံးအခြေအနေပေါ့။ ကျန်တဲ့အသေးအဖွဲ အားနည်းချက်တွေလည်း ရှိပါတယ်။ မြန်အောင်တာကြီးတန်း အ.မ.က ကတော့ Footing နဲ့ ကွန်ကရစ်တိုင်တိုတစ်ခုဟာ သတ်မှတ်ကွန်ကရစ် Strength ကို မရဘူးဖြစ်ပါတယ်။ ဒါတွေကတော့ စစ်တဲ့အခါ အဆိုးဆုံးတွေ့ရှိရတဲ့ အခြေအနေတွေပဲဖြစ်ပါတယ်။ ကျန်တဲ့အသေးအဖွဲ တွေ့ရှိချက်တွေကတော့ အများကြီးရှိပါတယ်” ဟု ဦးကြည်စွမ်းက ပြောကြားသည်။

ထိုသို့ အရည်အသွေးမပြည့်မီဘဲ တည်ဆောက်ထားမှုများ စိစစ်တွေ့ရှိရသဖြင့် အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိစေရေး ပြန်လည်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

“ဇလွန်ဆေးရုံဆိုရင် အစကနေ ဆောင်ရွက်ထားတာကို ဖျက်ပြီးတော့ အသစ်ပြန်လုပ်ခိုင်းထားပါတယ်။ မော်လမြိုင်ကျွန်း အ. ထ.က ၁ ဆိုရင် သေးနေတဲ့ Roof Beam ကို ဖျက်ပြီးတော့ အသစ်ပြန်လုပ်ခိုင်းထားပါတယ်။ နောက်ပြီးတော့ ပထမထပ်ကြမ်းခင်းက သံဆန်ခါနှစ်ထပ် ဆင်ရမယ့်နေရာမှာ တစ်ထပ်ပဲဆင်ထားတဲ့အတွက် ပထမထပ်ကြမ်းခင်းကို Carbon Fiber သုံးပြီးတော့ ပြန်လည်အားဖြည့်ဖို့ ဆောင်ရွက်ခိုင်းထားတာတွေ ရှိပါတယ်။ မြန်အောင်တာကြီးတန်း အ.မ.က ဆိုရင် ကွန်ကရစ် Footing တစ်လုံးရယ်၊ Short Column ပေါ့။ Column တိုင်တို တစ်ချောင်းကိုပြန်ဖျက်ပြီး အသစ်ပြန်လုပ်ခိုင်းထားပါတယ်။ အဲဒီမှာ ညွှန်ကြားချက်အတိုင်း ပြန်လည်ပြုပြင်ပြီးသွားပါပြီ။ ညောင်တုန်းဆေးရုံကတော့ လက်ရှိအခြေအနေမှာ တွေ့ရှိချက်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ထားပါတယ်။ ဝန်ကြီးဌာနကတစ်ဆင့် Design တွေ ဘာတွေတွက်ချက်ပြီး ဘယ်လိုအရေးယူမယ်ဆိုတာကို ပြန်ပြီးတော့ ညွှန်ကြားမှာဖြစ်ပါတယ်” ဟု ဦးကြည်စွမ်းက ဆက်လက်ပြောကြားသည်။

တည်ဆောက်မှုလုပ်ငန်း စိစစ်ရေးကော်မတီမှ အဆောက်အအုံအရည်အသွေး ပြည့်မီမှု ရှိ၊ မရှိ တွေ့ရှိချက်အား သက်ဆိုင်ရာဝန်ကြီးထံ အသိပေးပြီး တင်ဒါစည်းမျဉ်းစည်းကမ်းအရ အရေးယူမှုမှာ သက်ဆိုင်ရာဝန်ကြီးနှင့် တင်ဒါကော်မတီ၏ အဆုံးအဖြတ်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်ကျွန်း အ.ထ.က ၌ တာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီမှာ ရွှေလဝိုင်းကုမ္ပဏီဖြစ်ပြီး မြန်အောင်တာကြီးတန်း အ. မ.က ၌ တာဝန်ယူ တည်ဆောက်သည့်ကုမ္ပဏီမှာ ဝင်းကြွယ်ကုမ္ပဏီဖြစ်ကြောင်း၊ ညောင်တုန်းဆေးရုံ၌ တာဝန်ယူ တည်ဆောက်သည့်ကုမ္ပဏီမှာ Royal Winner Land ကုမ္ပဏီဖြစ်ပြီး ဇလွန်ဆေးရုံကြီး၌ တာဝန်ယူ တည်ဆောက်သည့်ကုမ္ပဏီမှာ ဆောင်းဟေမာန်ကုမ္ပဏီဖြစ်ကြောင်း တည်ဆောက်မှုလုပ်ငန်းစိစစ်ရေး ဧရာဝတီတိုင်းဒေသကြီးကော်မတီထံမှ သိရသည်။

Most Read

Most Recent