ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးရာသီကာလ တန်ချိန်လျှော့ သတ်မှတ်သည့်လမ်းများတွင် တန်ပိုကြေးဖြင့် ဖြတ်သန်းခွင့်မပြု

ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးရာသီကာလ တန်ချိန်လျှော့ သတ်မှတ်သည့်လမ်းများတွင် တန်ပိုကြေးဖြင့် ဖြတ်သန်းခွင့်မပြု
Published 20 May 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ မိုးရာသီကာလ တန်ချိန်လျှော့သတ်မှတ်ခဲ့သည့် လမ်းများတွင် တန်ပိုကြေးပေးဆောင်၍ ဖြတ်သန်းခွင့်မပြုကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မိုးရာသီကာလတွင် တိုင်းဒေသကြီးအတွင်းမှ လမ်းပေါင်း ၈၀ ကျော်အား တန်ချိန်လျှော့ချသတ်မှတ်ခဲ့ပြီး ယခုနှစ်တွင်လည်း တန်ချိန်သတ်မှတ်ချက်နှင့် လမ်းစာရင်းများ ကောက်ယူလျက်ရှိပြီး တန်ချိန်သတ်မှတ်ချက်ထက် ကုန်ပစ္စည်းများပါရှိပါက ကုန်ပစ္စည်းများချထားပြီးမှသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးထံမှ သိရသည်။

“တန်ပိုလာလို့ရှိရင် အရင်တုန်းကလို တန်ပိုကြေး ကောက်တယ်ဆိုတာထက် ပိုလို့ကိုမရဘူးဆိုတာမျိုးနဲ့ ကက်ဘိနက်ကို တင်ပြမှာပါ။ ပိုလာတဲ့ပစ္စည်းကို လမ်းမှာချပြီးသွားရမှာပါ။ လမ်းတွေအပြင် တံတားတွေပါ ဂရုစိုက်ရမယ့် အနေမျိုးပါ” ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဆက်လက်ပြောကြားသည်။

လမ်းများပေါ်တွင် ဖြတ်သန်းခွင့်ပြုတန်ချိန်အထိ တိကိကျကျသိရှိနိုင်ရန် တန်ချိန်တိုင်းကတ္တားများ ဝယ်ယူရန် ဘတ်ဂျက်ငွေကျထားပြီးဖြစ်ကြောင်း၊ ပုသိမ်ခရိုင်တွင် တစ်ခု၊ မြောင်းမြခရိုင်တွင် လေးခု၊ ဖျာပုံခရိုင်တွင် တစ်ခု၊ လပွတ္တာခရိုင်တွင် တစ်ခုဖြင့် စုစုပေါင်း တန်ချိန်ကတ္တားအစုံ ၁၁ ခုအား တပ်ဆင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“နှစ်ခေါက်စာ သုံးခေါက်မောင်းရတော့မှာပေါ့။ စီးပွားကိုက်အောင်တော့ ကုန်ပစ္စည်းပေါ်မှာ သယ်ယူခ တိုးယူရတော့ ကုန်ဈေးတက်တာပေါ့” ဟု ကုန်ကားလုပ်ငန်းလုပ်ကိုင်သူ ဦးတင်အောင်က ပြောကြားသည်။

ယခုကဲ့သို့ လမ်းတန်ချိန် လျှော့သတ်မှတ်ရသည်မှာ ဧရာဝတီတိုင်းဒေသကြီး တစ်ခုထဲသာဖြစ်ကြောင်း၊ မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်သောကြောင့် မြေအရည်အသွေးနိမ့်ခြင်း၊ မိုးရာသီကာလတွင် ရေကြီးရေလျှံခြင်း ရေပတ်လည်ဝိုင်းခြင်းတို့ကြောင့် လမ်းအရည်အသွေးနိမ့်ကျသဖြင့် လမ်းတန်ချိန်လျှော့သတ်မှတ်ရခြင်းဖြစ်ကြောင်း၊ တန်ချိန်သတ်မှတ်ထားသော လမ်းများတွင် တန်ပိုကြေးဖြင့် ဖြတ်သန်းခွင့်ပြုပါက ကောက်ခံရရှိသည့် တန်ပိုကြေးထက် လမ်းတံတားများ ပျက်စီးပါက နိုင်ငံတော်ဘဏ္ဍာငွေ အများကြီးကုန်ကျသောကြောင့် တန်ပိုပါက ဖြတ်သန်းခွင့် မပြုသင့်ကြောင်း လမ်းဦးစီးဌာန အငြိမ်းစားအရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။

မိုးရာသီ တန်ပိုလျှော့ချကာလမှာ နှစ်စဉ် ဇွန် ၁ ရက်မှစတင်ကာ စက်တင်ဘာ ၃၀ ရက်မှ နိုဝင်ဘာ ၃၀ အထိ ဒေသအလိုက် သတ်မှတ်ထားကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။

Most Read

Most Recent