ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းတည်ဆောက်မည့် ရန်ကုန်မိုးပျံအမြန်လမ်းမကြီး (PPP) စီမံကိန်းအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများအား ရှာဖွေ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းတည်ဆောက်မည့် ရန်ကုန်မိုးပျံအမြန်လမ်းမကြီး (PPP) စီမံကိန်းအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများအား ရှာဖွေ
Published 19 May 2018

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းတည်ဆောက်မည့် ရန်ကုန်မိုးပျံအမြန် လမ်းမကြီး (PPP) စီမံကိန်းအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရှာဖွေနေကြောင်း မေ ၁၈ ရက်တွင် ထုတ်ပြန်သည့်  ရန်ကုန်မိုးပျံ အမြန်လမ်းမကြီး (PPP) စီမံကိန်း စိတ်ဝင်စား မှု ဖော်ပြခြင်း လျှောက်လွှာ (EOI)  ခေါ်ယူမှုအရ သိရသည်။

ရန်ကုန်မိုးပျံအမြန်လမ်းမကြီး (PPP) စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ညှိနှိုင်းပြီး ကီလိုမီတာပေါင်း ၄၇ ဒသမ ၅ ရှိသည့် မိုးပျံ လေးလမ်းသွား လမ်းမကြီးအဖြစ် Public Private Partnership ဖော်ဆောင်သွားမည် ဖြစ်သည်။  အဆိုပါ ရန်ကုန် မိုးပျံအမြန်လမ်းမကြီးသည် ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်း တို့ကို ဆက်သွယ်ပေးမည်ဖြစ်သည်။

ရန်ကုန်မိုးပျံအမြန်လမ်းမကြီး (PPP) စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း၊ Engineering ပိုင်း ဆိုင်ရာကဏ္ဍ၊ ငွေကြေးဆိုင်ရာ ဘဏ္ဍာရေး ကဏ္ဍ၊ စီမံကိန်းတည်ဆောက်ခြင်း၊ စီမံကိန်းလည်ပတ်ခြင်းနှင့်  ပြုပြင်ထိန်းသိမ်းခြင်း ဆိုင်ရာကဏ္ဍများအတွက် စီမံကိန်းကို PPP Concession Agreement အရ စိတ်ဝင်စားသော ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရှာဖွေနေခြင်းဖြစ်ပြီး PPP ရင်းနှီးမြှုပ်နှံသူ ရွေးချယ်ပွဲကို International Competitive Tender မှတစ်ဆင့် ယခုနှစ်ကုန်ပိုင်းတွင် စတင်မည်ဖြစ်သည်။ မိုးပျံအမြန်လမ်းမကြီးစီမံကိန်းကို အပိုင်းလိုက်ခွဲပြီး PPP တင်ဒါများဖြင့် အကောင်အထည်ဖော်ဆောင်ရွက် မည်ဖြစ်ကာ World Bank အဖွဲ့ဝင် IFC အကူအညီဖြင့် ရွေးချယ်မှုပြုမည်ဖြစ်သည်။

EOI  လျှောက်ထားလိုသူများအနေဖြင့် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလိုကြောင်း တိကျ သေချာစွာ ဖော်ပြထားသည့် ပေးပို့အကြောင်းကြားစာ၊ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူ၏ ကိုယ်ရေးအကျဉ်း၊ ကုမ္ပဏီဆောင်ရွက်မှုများ အကျဉ်းချုံးဖော်ပြချက်၊ စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံလိုသူ၏ Bank Statement များ နှင့် ဘဏ္ဍာရေးရှင်းတမ်းများ၊ ISO ကဲ့သို့ သက်ဆိုင်သော ထောက်ခံချက်များ ပါရှိသည့် စာရင်း၊ ရင်းနှီးမြှုပ်နှံလိုသူ လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် ယခုစီမံကိန်းနှင့်တူညီသော စီမံကိန်းများပါသည့် အချက်အလက်များစာရင်း (အများဆုံးငါးခု) ဖော်ပြရန် လိုမည်ဖြစ်သည်။

အဆိုပါ စိတ်ဝင်စားမှုအဆိုပြုလွှာကို သတ်မှတ်အချက်အလက်များနှင့်အတူ ဇွန် ၂၉ ရက် ညနေ ၅ နာရီမတိုင်မီ ပေးပို့ရမည် ဖြစ်ပြီး အဆိုပါ EOI သည် စီမံကိန်းအတွက် စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံလိုသူများအတွက် နောက်ဆက်တွဲရွေးချယ်မှုမတိုင်မီ အဆင့်နှင့် တင်ဒါတင်သွင်းခြင်းတွင် ပါဝင်နိုင်ရန် ဖိတ်ခေါ်ခြင်းကိုသာ ညွှန်းဆိုပြီး ရင်းနှီးမြှုပ်နှံရန်၊ ပါဝင်ဆောင်ရွက်ရန်နှင့် ကြိုတင် ရွေးချယ်ခံရရန်အတွက် တောင်းဆိုမှုကို ညွန်းဆိုခြင်း မဟုတ်ကြောင်း ဖော်ပြထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အခြားစိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံသူများကို နောက်ဆက်တွဲ ရွေးချယ်မှုမတိုင်မီအဆင့်တွင် စီမံကိန်း၌ ပါဝင်ပတ်သက်ရန် ထပ်မံခေါ်ယူ ခြင်း နှင့်မည်သည့်စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံမှုများကိုမဆို ရှေ့ဆက်လုပ်ပိုင်ခွင့်ကို တားဆီးခွင့်ရှိကြောင်းနှင့် စိတ်ပါဝင်စားသည့် ရင်းနှီး မြှုပ်နှံလိုသူများ၏ EOI လျှာက်လွှာကို ဆန်းစစ်သည့်အချက်များ ထုတ်ပြန်သွားမည်ဖြစ်သည်။

Most Read

Most Recent