ငြိမ်းချမ်းရေးနှင့် အလိုက်သင့် တွန်းလှန်လွန်မြောက်နိုင်စွမ်းရှိမှု တို့အတွက် အလုပ်အကိုင်နှင့် သင့်လျော်ကောင်းမွန်သော အလုပ်ဆိုင်ရာ တိုက်တွန်းချက် အမှတ် ၂၀၅ ကို ပြည်ထောင်စုလွှတ်တော် မှတ်တမ်းတင်

ငြိမ်းချမ်းရေးနှင့် အလိုက်သင့် တွန်းလှန်လွန်မြောက်နိုင်စွမ်းရှိမှု တို့အတွက် အလုပ်အကိုင်နှင့် သင့်လျော်ကောင်းမွန်သော အလုပ်ဆိုင်ရာ တိုက်တွန်းချက် အမှတ် ၂၀၅ ကို ပြည်ထောင်စုလွှတ်တော် မှတ်တမ်းတင်
Published 19 May 2018

ငြိမ်းချမ်းရေးနှင့် အလိုက်သင့် တွန်းလှန် လွန်မြောက်နိုင်စွမ်း ရှိမှုတို့အတွက် အလုပ်အကိုင်နှင့် သင့်လျော်ကောင်းမွန်သော အလုပ်ဆိုင်ရာတိုက်တွန်းချက်အမှတ် ၂၀၅ ကို မေ ၁၈ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မှတ်တမ်းတင်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုအဆင့်မှ ပြန်လည်ဖြေရှင်းမှုများ ပြုလုပ်ပြီးနောက် ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၁၀၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံမှ အတည်ပြုချမှတ်ခဲ့သည့် ငြိမ်းချမ်းရေး နှင့် အလိုက်သင့်တွန်းလှန်လွန်မြောက်နိုင်စွမ်း ရှိမှုတို့အတွက် အလုပ်အကိုင်နှင့် သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ဆိုင်ရာ တိုက်တွန်းချက် အမှတ် ၂၀၅ ကို မြန်မာနိုင်ငံ အနေဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ နိုင်ငံ၏ တာဝန်ရှိမှုအနေဖြင့် တိုက်တွန်းချက် အမှတ် ၂၀၅ ကို ပြည် ထောင်စုလွှတ်တော်မှ မှတ်တမ်းတင်ပေးရန် တင်ပြခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက “ဒီတိုက်တွန်းချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရ တဲ့အဓိကအချက်ကတော့ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် အဖွဲ့ဝင်နိုင်ငံ၏ တာဝန်ရှိမှုအနေနဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ အတည်ပြု ချမှတ်လိုက်တဲ့ ပြဋ္ဌာန်းချက်တွေ၊ အကြံပြုချက်တွေ၊ တိုက်တွန်းချက်တွေကို ညီလာခံကျင်းပပြီး ၁၂ လ အတွင်းမှာ နိုင်ငံရဲ့ အာဏာပိုင်ကို တင်ပြရပါတယ်။ ဥပဒေပြုရေးအာဏာဟာ ပြည်ထောင်စုလွှတ်တော်ဖြစ်တဲ့အတွက်  တင်ပြရခြင်းဖြစ်ပါတယ်။ ဥပဒေအရ စည်းနှောင်မှု မရှိပါဘူး။ တိုက်တွန်းချက် သက်သက်ပဲဖြစ်ပါတယ်။  မဖြစ်မနေ ဥပဒေပြဋ္ဌာန်းဖို့မလိုပါဘူး။ ပြည်တွင်းဥပဒေတွေကိုလည်း လေးစားလိုက်နာရမယ်လို့ တိတိကျကျ ဖော်ပြထားတဲ့အတွက် ကျွန်တော်တို့နိုင်ငံနဲ့လိုက်ဖက်တဲ့၊ စပ်ဟပ်တဲ့၊ သင့်လျော်တဲ့ဥပဒေတွေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းပြီးတော့မှ ကိုယ့်နိုင်ငံရဲ့ အစီအစဉ် နဲ့မိမိတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်သွားရမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည်။

တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး လှနိုင်က တိုက်တွန်းချက် အပိုဒ် ၈ (ဌ)၊ ၁၂ (ဈ) တို့တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ လက်နက်ကိုင်အုပ်စုများနှင့် ပတ်သက်ပြီး ဖော်ပြပါရှိပြီး တိုက်တွန်းချက်အပိုဒ်  ၁၃(ခ)တွင် ပြန်လည ်ပေါင်းစည်းရေး အစီအစဉ်များ၊ လက်နက်ဖျက်သိမ်းခြင်း၊ စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုခြင်း အစရှိသည့် DDR ဆိုင်ရာ ကိစ္စရပ်များ ပါရှိနေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ အပိုဒ် ၁၃(ခ)တွင်  Disarmament, Demobilization and Reintegration Programmes ဟု ဖော်ပြထားကြောင်း၊ ဘာသာပြန်ဆိုရာတွင် လက်နက် ဖြုတ်သိမ်းခြင်း၊ တပ်အင်အားများ လျှော့ချခြင်း၊ ပြန်လည်ပေါင်းစည်းရေး အစီအစဉ်များဟု နားလည်သဘောပေါက်ထားပြီး Demobilization ကို သမ္မတရုံးမှ ဘာသာပြန်ဆိုရာတွင် စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခြင်းဟု  ဘာသာပြန်ဆိုထားကြောင်း၊ ILO Recommendation တွင်ပါသည့် Demobilization သည် Crisis အခြေအနေများ ဖြစ်ပွားမှုအပြီးတွင် နိုင်ငံတော်အတွင်း တရားမဝင် လက်နက်ကိုင်ဆောင်ထားသည့် တပ်ဖွဲ့များ ဖျက်သိမ်းခြင်းနှင့် တပ်အင်အားများ လျှော့ချခြင်းကို  ဆိုလိုခြင်းဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နေချိန်တွင် ယခုကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်သည့် မည်သည့်ကိစ္စရပ်ကိုမဆို အထူးဂရုစိုက်ရန်လိုအပ်ပြီး အလေးအနက်ထား ဆောင်ရွက်ရန်လိုအပ်သည်ကို ထောက်ပြလိုကြောင်း ဆွေးနွေးခဲ့သည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းက တိုက်တွန်းချက်အပိုဒ် ၁၁ (ဈ) တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ လက်နက်ကိုင်အုပ်စုများနှင့် ယခင်က ဆက်သွယ်မှု ရှိခဲ့သော ပုဂ္ဂိုလ်များအား သင့်လျော်သော အလုပ်အကိုင်များ ရရှိရေးဟု ဖော်ပြထားကြောင်း၊ တရားဝင်လက်နက်များ ကိုင်ဆောင်သည့်အဖွဲ့အစည်းများ၊ မတရားအသင်း ကြေညာထားသည့် တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူများ၊ တိုင်းရင်းသား မဟုတ်သော လက်နက်ကိုင်ဆောင် ကျူးကျော်  ဝင်ရောက်သူများရှိနေကြောင်း၊ ယင်းအဖွဲ့အစည်းများနှင့်ဆက်သွယ်မှုရှိသည့် ပုဂ္ဂိုလ်များကို အလုပ်အကိုင်ရရှိရေးဆိုသည်မှာ အကန့်အသတ်များရှိကြောင်း၊ ဥပဒေအရ အရေးယူရန်ကိစ္စများရှိပါက မည်ကဲ့သို့ ဆောင်ရွက်မည်ကို အလေးထားစဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

Most Read

Most Recent