<

နေပြည်တော် ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ ကျော်ပျက်စီး

နေပြည်တော် ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာ အုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်

နေပြည်တော် ဥတ္တရသီရိမြို့ တောင်ညိုကျေးရွာ အုပ်စုတွင် မေ ၁၇ ရက်ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် တာဝန်ရှိသူများထံမှ သိရသည်။

လေပြင်းတိုက်ခတ်ခြင်းကြောင့် ကြံ့ခိုင်မှု အားနည်းသော နေအိမ်များ ပြိုလဲခြင်း၊ စာသင်ကျောင်း၊ ဓမ္မာရုံများ အပါအ၀င် အိမ်ခေါင်မိုးများ ပြိုကျခြင်း၊ သွပ်မိုးများလန်ခြင်း၊ သစ်ပင်ပိခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံများ အနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

“လေပြင်းမုန်တိုင်းတိုက်တာ နေအိမ် ၁၀၀ ကျော်လောက် ပျက်စီးသွားတယ်။ ဆုံးရှုံးမှု တန်ဖိုးကတော့ အကုန်မတွက်ရသေးပါဘူး။ တော်တော်များများ ပျက်စီးဆုံးရှုံးမှု ရှိပါတယ်။ ဒေသခံတွေ အနေနဲ့ကတော့ အခက်အခဲ ဖြစ်တာပေါ့” ဟု တောင်ညိုစခန်းမှူး ရဲအုပ်လင်းထိန်က ပြောကြားသည်။ ထိုသို့ ထိခိုက်ပျက်စီးမှုကြောင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ရဲအုပ်လင်းထိန်က ပြောကြားသည်။

“ပျက်စီးတာတွေကတော့ အောင်ချမ်းသိမ်းရွာရယ်၊ မင်းနောင်ရယ်၊ ကြီးပွားရပ်ကွက်ရယ်၊ နောက် ဈေးနားတစ်ဝိုက် အထက်တန်းကျောင်း၊ အုပ်ချုပ်ရေးမှူးရုံးမှာ သစ်ပင်ပိတယ်။ လူတွေကတော့ အသေအပျောက် ထိခိုက်မှု မရှိပါဘူး။ အကူအညီကတော့ လိုမယ်ထင်ပါတယ်” ဟု တောင်ညို ဒေသခံ ဒေါ်ခင်သန်းဝင်းက ပြောကြားသည်။

လက်ရှိတွင် အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ မီးသတ်၊ ကြက်ခြေနီ၊ ရဲတပ်ဖွဲ့နှင့် နယ်ခံပရဟိတ အဖွဲ့များက အပျက်အစီးများကို ကူညီရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှလည်း လာရောက်ကူညီ ထောက်ပံ့မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

May 18, 2018














Copy Protected by Chetan's WP-Copyprotect.