မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် FPNCC နှင့် တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ်တို့ တွေ့ဆုံ

မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် FPNCC နှင့် တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ်တို့ တွေ့ဆုံ
Published 19 May 2018

မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန်တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ မေ ၁၈ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

“တွေ့မယ်လို့တော့ ကျွန်တော် သိရတယ်။ ဒါပေမဲ့ အသေးစိတ်တော့ မသိရဘူး။ ကျွန်တော်တို့ဆီကတော့ နှစ်ယောက်သွားပြီ။ အသေးစိတ်ကတော့ ကျွန်တော် မသိရသေးဘူး။ ကျွန်တော်တို့ ကိုယ်စားလှယ်နှစ်ယောက်ကတော့ “ဝ” ဘက်ကို သွားလိုက်ပြီပေါ့နော်။  “ဝ” ဘက်ကို ရောက်နေပြီ။ အဲဒီကိစ္စသွားဖို့” ဟု တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က မေ ၁၈ ရက်တွင် ပြောကြားသည်။

TNLA အဖွဲ့သည် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်း (ပန်ခမ်း) မြို့တွင် FPNCC ဆက်ဆံရေးရုံးကို မေ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်းနှင့် ပတ်သက်၍  “ဝ” သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ၏ လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းထံဆက်သွယ်ခဲ့ရာ ၎င်းအနေဖြင့် အတည်မပြုနိုင်ကြောင်း ပြောကြားသည်။

“အဲဒီကိစ္စ အင်တာနက်အပေါ်မှာကြားရတယ်။ ဟုတ်၊ မဟုတ်တော့ ကျွန်တော့်အနေနဲ့ အတည်မပြုနိုင်ဘူးပေါ့နော်။ ခါတိုင်းလိုပုံစံမျိုးဆိုရင်တော့ ၂၁ ရာစုပင်လုံ စတော့မယ်ဆိုတော့ အမြဲတမ်းတွေ့နေကြတယ်ဆိုတော့ ခင်ဗျားတို့လည်း သိပြီးသားပဲပေါ့နော်။ ဟုတ် ကောင်းလည်း ဟုတ်မှာပါ” ဟု ဦးညီရန်းက ပြောကြားသည်။

မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်တို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ယခင်ကလည်း တွေ့ဆုံဆွေး နွေးမှုများရှိပြီး မြန်မာအစိုးရနှင့် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အကြား ကူမင်းမြို့တွင် အလွတ်သဘောတွေ့ဆုံမှုများ၌လည်း မစ္စတာဆွန်ကော့ရှန်က ကြားဝင် ဆောင်ရွက်ပေးလေ့ရှိသည်။

တရုတ်အစိုးရ၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် FPNCC ကော်မတီဝင်များ သည် ၂၀၁၇ ခုနှစ် မေလက ပြုလုပ်သည့် ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည်။

တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခြင်းနှင့်ပတ်သက်၍ FPNCC ၏ Website၊ Facebook လူမှုကွန်ရက် နှင့် We Chat တို့တွင်လည်း သတင်းဖော်ပြထားခြင်း မရှိပေ။

FPNCC အနေဖြင့် အစိုးရ၏ တရားဝင် ဖိတ်ကြားလွှာကိုရရှိပါက ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို အဖွဲ့ဝင်အားလုံး တက်ရောက်သွားမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီက သတင်းထုတ်ပြန်ထားသည်။

FPNCC ကို အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သော “ဝ” သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) က ဦးဆောင်သည်။

အဆိုပါ ကော်မတီတွင် “ဝ” အဖွဲ့အပါအဝင် မိုင်းလားအဖွဲ့ (NDAA) ၊  ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA) ၊ ကချင် လက်နက်ကိုင်အဖွဲ့ (KIO/KIA) ၊   တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ပါဝင်ကြသည်။

ကော်မတီဝင်များအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးရန် တရုတ်အစိုးရကလည်း တိုက်တွန်းထားသည်။

Most Read

Most Recent