ပုဂ္ဂလိကဆေးကုခန်း အချို့တွင် မြန်မာဆရာဝန်များ၏ အမည်ခံယူပြီး ဆေးကုသခွင့်မရှိသော နိုင်ငံခြားသား တရားမဝင် ဆေးကုသသူများ တွေ့နေရကြောင်း လူမှုရေးဝန်ကြီး ပြောကြား

ပုဂ္ဂလိကဆေးကုခန်း အချို့တွင် မြန်မာဆရာဝန်များ၏ အမည်ခံယူပြီး ဆေးကုသခွင့်မရှိသော နိုင်ငံခြားသား တရားမဝင် ဆေးကုသသူများ တွေ့နေရကြောင်း လူမှုရေးဝန်ကြီး ပြောကြား
Published 19 May 2018

မတ်လအတွင်းက ရန်ကုန်မြို့လယ်ရှိ ပုဂ္ဂလိကဆေးခန်း တစ်ခုအား ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီက ရှောင်တခင် စစ်ဆေးခဲ့စဉ်

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးကုခန်းအချို့တွင် မြန်မာဆရာဝန်များ၏အမည်ကို ခံယူပြီး ဆေးကုသခွင့်မရှိသော နိုင်ငံခြားသား တရားမဝင် ဆေးကုသသူများ တွေ့နေကြောင်း မေ ၁၇ ရက်က ကျင်းပခဲ့သည့် ‘ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီနှင့် ကိုယ်ပိုင်ဆေးကု ဂေဟာများ တွေ့ဆုံပွဲ’ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ဦးနိုင်ငံလင်း၏ ပြောကြားချက်အရ သိရသည်။

ယင်းအခမ်းအနားတွင် လူမှုရေးဝန်ကြီး၊ ဦးနိုင်ငံလင်းက “ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ အခုကာလမှာ ပုဂ္ဂလိကဆေးခန်း အချို့ဟာ အလွန်အကြူး ကြော်ငြာနေတာတွေ တွေ့ရပါတယ်။ အဲဒါတွေက ၂၀၀၃ ခုနှစ်က မြန်မာနိုင်ငံ ဆေးကောင်စီက ထုတ်ပြန်ထားတဲ့ ဆေးနဲ့ပတ်သက်တာ လုပ်နေတဲ့သူအားလုံး လိုက်နာရမယ့် ကျင့်ဝတ်ထဲမှာ အတိအလင်း ဖော်ပြထားတာ ရှိပါတယ်။ အဲဒါက ‘မိမိဝန်ဆောင်မှုအတွက် ကြော်ငြာရာတွင် လည်းကောင်း၊ ပုံနှိပ်ထုတ်ဝေရာတွင် လည်းကောင်း တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်း အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆန်းစစ်ခံနိုင်သော အချက်အလက်များ ဖြစ်ရမည်’ လို့ ဖော်ပြထားပါတယ်။ ပုဒ်မ ၂၂ မှာဆိုရင် ‘ထိုသို့ ပြုလုပ်ရာတွင် မိမိ၏ ဆောင်ရွက်ချက်သည် အခြားသူများ၏ ဆောင်ရွက်ချက်ထက် သာလွန်ကောင်းမွန်ကြောင်း ဖော်ထုတ်ခြင်း မပြုရ။ တစ်နည်းအားဖြင့် ဆေးပညာ အသိဉာဏ် ချို့တဲ့သူများ အပေါ်တွင် အခွင့်ကောင်းယူပြီး ရောဂါပျောက်ကင်းနိုင်ကြောင်း ကြော်ငြာခြင်းမျိုး မပြုလုပ်ရ’ ဆိုပြီး အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျန်းမာရေးလုပ်ငန်း လုပ်ဆောင်နေသူတွေ အနေနဲ့ ဒီကျင့်ဝတ်တွေကို လိုက်နာဖို့လိုပါတယ်။ နောက်တစ်ခုက ဆေးကုသတဲ့ အခါမှာလည်း မြန်မာနိုင်ငံသား ဆရာဝန်တွေရဲ့ နာမည်ကို ခံယူပြီး ဆေးကုသခွင့်မရှိတဲ့ နိုင်ငံခြားသားတွေက ဆေးကုသပေးနေတာကိုလည်း တွေ့ရပါတယ်။ ဆေးရုံမဟုတ်တဲ့ ဆေးခန်းများမှာလည်း ဆေးရုံတွေမှာသာ ရှိရမယ့် ခွဲစိတ်ခန်းတွေကိုလည်း တွေ့နေရပါတယ်။ ဒီဆေးခန်းတွေကို ရှောင်တခင်စစ်တဲ့အခါမှာ တခြားအရေးယူခြင်း မခံရတဲ့ ဆေးခန်းတွေမှာလည်း မသင်္ကာဖွယ်ရာတွေကိုလည်း တွေ့ခဲ့ရတယ်။ ဒါပေမဲ့ လက်ဆုပ်လက်ကိုင် မပြနိုင်သေးတဲ့အတွက် အရေးယူဖို့ ခက်ပါတယ်။ ဒါကြောင့် အမြဲတမ်း ရှောင်တခင် စစ်ဆေးဖို့အတွက် အစီအစဉ်တွေ ရှိပါတယ်” ဟု ပြောကြားသည်။

ပုဂ္ဂလိက ဆေးကုခန်းများကို ပြီးခဲ့သည့် မတ်နှင့်ဧပြီလများအတွင်းက သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းပြီး ရှောင်တခင် စစ်ဆေးခဲ့ကြောင်းနှင့် စစ်ဆေးရာတွင် မရမ်းကုန်း၊ လှိုင်၊ ကြည့်မြင်တိုင်၊ လမ်းမတော်နှင့် ဗိုလ်တထောင်မြို့နယ်များ အတွင်းရှိ ပုဂ္ဂလိက ဆေးကုခန်းခြောက်ခုကို စစ်ဆေးခဲ့ရာ ယင်းတို့အနက် လှိုင်မြို့နယ်ရှိ ရောင်နီဦးဆေးခန်းတွင် တရားမဝင်ဆေးဝါးနှင့် ခွဲစိတ်ခန်းများ တွေ့ရှိခဲ့သည့်အတွက် အမျိုးသားဆေးဝါး ဥပဒေ၊ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေများဖြင့် အရေးယူထားပြီး The Sun ဆေးခန်းတွင်မူ တရားမဝင် ဆေးဝါးများနှင့် နိုင်ငံခြားသား ဆေးကုနေသူရှိသည့် အတွက် အမျိုးသားဆေးဝါး ဥပဒေ၊ မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေများဖြင့် အရေးယူထားသည်။

ယင်းကိစ္စအား ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီက ရှောင်တခင်စစ်ဆေးခဲ့ပြီး အဓိကအားဖြင့် တရားမဝင် နိုင်ငံခြားသား ဆေးကုသသူများ၊ တရားမဝင် ဆေးကုသခြင်းရှိ မရှိ၊ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းလိုင်စင် ရှိ မရှိ၊ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ရှိ မရှိ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအား လိုက်နာခြင်းရှိ မရှိ စသည်တို့ကို စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဆက်လက်၍ လုပ်ငန်းလိုင်စင် မရှိဘဲ လုပ်ဆောင်နေသည့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများအား ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်က အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ယင်းအခမ်းအနားတွင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

Most Read

Most Recent