ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားနေသည့် Anti-Cyclone ဖြစ်စဉ်ကြောင့် မုတ်သုံလေဝင်ရောက်မှု ရက်အနည်းငယ် နောက်ကျနိုင်ပြီး မိုးတိမ်တောင် ဖြစ်စဉ်ကြောင့် လေပြင်းတိုက်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားနေသည့် Anti-Cyclone ဖြစ်စဉ်ကြောင့် မုတ်သုံလေဝင်ရောက်မှု ရက်အနည်းငယ် နောက်ကျနိုင်ပြီး မိုးတိမ်တောင် ဖြစ်စဉ်ကြောင့် လေပြင်းတိုက်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်နိုင်
Published 19 May 2018

မေလဆန်းပိုင်းက တာမွေမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး လျှပ်စီးလက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-နေဝန်းထက်)

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားနေသည့် Anti-Cyclone ဖြစ်စဉ်ကြောင့် မုတ်သုံလေဝင်ရောက်မှု ရက်အနည်းငယ် နောက်ကျနိုင်ပြီး မိုးတိမ်တောင်ဖြစ်စဉ်များကြောင့် လေပြင်းတိုက်မှုများ ဆက်လက် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မေလ၏ ဒုတိယ ၁၀ ရက်ပတ်အတွင်း အနောက်တောင် မုတ်သုံလေ ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကနဦးခန့်မှန်းထားသော်လည်း ဘင်္ဂလားပင်လယ်အော်တွင် Cyclone ဖြစ်စဉ်၏ ပြောင်းပြန်ဖြစ်သည့် Anti-Cyclone ဖြစ်စဉ် ဖြစ်ပေါ်လျက်ရှိသည့်အတွက် မုတ်သုံလေ ဝင်ရောက်မှု ရက်အနည်းငယ်နောက်ကျနိုင်ပြီး မိုးရွာသွန်းမှု အနည်းငယ် လျော့ကျခဲ့ကြောင်း သိရသည်။

Anti-Cyclone ဖြစ်စဉ်ကြောင့် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းပြီး တိုက်ခတ်လာသည့် ကုန်သည်လေ တိုက်ခတ်မှုများအား သက်ရောက်မှုများ ရှိခဲ့သဖြင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် မိုးရွာသွန်းမှု  လျော့ကျခဲ့ခြင်းဖြစ်ပြီး မေ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် အနောက်တောင် မုတ်သုံလေ ဝင်ရောက်မှုကို စတင်မြင်တွေ့ရဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

“နည်းနည်းနောက်ကျတယ်။ မေ ၂၀ ရက်အတွင်း ဝင်မယ်ဆိုပြီးတော့ ပြောထားတာ။ လောလောဆယ် ဘင်္ဂလားပင်လယ်အော်မှာ Anti-Cyclone ပေါ့နော်။ အဲဒါက ဆိုင်ကလုံးရဲ့ပြောင်းပြန်ပေ့ါ။ ဒီအချိန်တွင်းမှာ လာခံနေတာပေါ့နော်။ ဒီတော့ များသောအားဖြင့် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီးတော့ တိုက်လာတဲ့ ကုန်သည်လေတွေက ကောင်းကောင်းမတိုက်နိုင်ဘူးပေါ့။ မတိုက်နိုင်တော့ ဒီတောင်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ ၁၀ ရက်တုန်းကတော့ မိုးလိုက်တယ်။ ဒီရက်ပိုင်းတွေမှာ မိုးအားလေး နည်းနည်းလျော့သွားတယ်ပေ့ါ။ လျော့သွားတဲ့အတွက် ဒီ ၂၀-၂၁ ဆိုရင်တော့ အနောက်တောင်မုတ်သုံလေက စပြီးတော့တွေ့ရမယ့် အနေအထား ရှိတယ်။ ဒီဝင်တဲ့ အနေအထားလေးတွေ နည်းနည်းတော့ နောက်ကျသွားတဲ့ အနေအထား ရှိသွားတယ်ပေ့ါ။ မုတ်သုံဝင်တဲ့အချိန်မှာ Cyclone နဲ့ Circulation နဲ့အတူ တက်လာတာများတယ်။ ဒီနှစ်ကတော့ အဲဒီလိုမရှိတော့ ကောင်းကောင်းမတက်နိုင်ဘူးပေါ့” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

ထို့ပြင် မေလ၏ ဒုတိယ ၁၀ ရက်ပတ်အတွင်း မြန်မာနိုင်ငံ၏ ဒေသအချို့တွင် နေ့အပူချိန်များ မြင့်တက်ပြီး မိုးတိမ်တောင်များ ဆက်လက် ဖြစ်ပေါ်နေသဖြင့် တစ်နိုင်ငံလုံးတွင် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးထစ်ချုန်းရွာသွန်းခြင်း စသည့်ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ရာ ပြည်သူများ သတိထား နေထိုင်ရန်လိုကြောင်း သိရသည်။

“နေ့အပူချိန်တွေကတော့ ဒီရက်ပိုင်းတွေမှာ တချို့နေရာတွေမှာ တက်နေတာပေါ့နော်။ လောလောဆယ်တော့ မိုးတိမ်တောင်တွေကြောင့် တစ်ပြည်လုံးလိုလိုမှာ လေပြင်းတိုက်မှု ဖြစ်စဉ်လေးတွေပေါ့။ ကြိုးကြားကြိုးကြား ဖြစ်နေတော့ ဒါလေးတွေတော့ ဂရုစိုက်ဖို့ လိုတာပေါ့။ မိုးကတော့ တစ်နိုင်ငံလုံးမှာတော့ နေရာကျဲကျဲလောက်တော့ ရွာနေတယ်ပေ့ါ။ တနင်္သာရီ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွေမှာတော့ နေရာစိပ်စိပ်လောက် ရွာနေတဲ့သဘော ရှိတယ်ပေ့ါ” ဟု  ဦးကျော်မိုးဦးက ပြောကြားသည်။

ဧပြီလနှင့် မေလဆန်းပိုင်းအတွင်းတွင် မြန်မာတစ်နိုင်ငံလုံး၌ မိုးတိမ်တောင်ဖြစ်စဉ်ကြောင့် မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးထစ်ချုန်းရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး စသည့်ဒေသများတွင် အဆိုပါဖြစ်စဉ်များ ပိုမိုဖြစ်ပွားခဲ့ပြီး လေပြင်းတိုက်မှုများကြောင့် နေအိမ်များ အမိုးလန်ခြင်း၊ သစ်ပင်များ ပြိုလဲခြင်းနှင့် အခြားသော  ထိခိုက်မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကာ မိုးကြိုးပစ်မှု ဖြစ်စဉ်ကြောင့် လူသေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent