ကမ္ဘာ့ရေနံဈေးနှင့်အတူ နိုင်ငံခြားငွေလဲနှုန်း လိုက်ပါမြင့်တက်နေသဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာလည်း နှစ်ပတ်ကျော်အတွင်း တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၄၀ ကြားဈေးတက်

ကမ္ဘာ့ရေနံဈေးနှင့်အတူ နိုင်ငံခြားငွေလဲနှုန်း လိုက်ပါမြင့်တက်နေသဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာလည်း နှစ်ပတ်ကျော်အတွင်း တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၄၀ ကြားဈေးတက်
Published 19 May 2018

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ကမ္ဘာ့ရေနံဈေးနှင့်အတူ နိုင်ငံခြားငွေလဲနှုန်း လိုက်ပါမြင့်တက်နေသဖြင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်း နှစ်ပတ်ကျော်အတွင်း တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၄၀ ကြား ဈေးတက်ခဲ့ပြီး ဧပြီ ၃၀ ရက်ဈေးနှင့် နှိုင်းယှဉ်ပါက လေးရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှစတင်၍ ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလကုန်ပိုင်းတွင် ၆၈ ဒေါ်လာ၊ မေ ၁၀ ရက်တွင် ၇၁ ဒေါ်လာအထိ ဆက်လက်မြင့်တက်ခဲ့ကာ ဧပြီလဆန်းပိုင်း ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းသည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်းနှင့် သယ်ယူပို့ဆောင်ရေး စရိတ်အပေါ် အခြေခံပြီး ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်သည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၈ ခုနှစ် မေ ၁၈ ရက်တွင် ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၈၈၀ (တစ်ဂါလန် ၃၉၉၅ ကျပ်) ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၈၉၅ (တစ်ဂါလန် ၄၀၆၃ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၈၄၅  (တစ်ဂါလန် ၃၈၃၆ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၈၉၅ ကျပ် (တစ်ဂါလန် ၄၀၆၃ ကျပ်) ဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီ ၃၀ ရက်တွင်ဖြစ်ပေါ်သည့် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဒီဇယ်တစ်လီတာ ၃၅ ကျပ် (၄ ဒသမ ၁၄ ရာခိုင်နှုန်း)၊ ပရီမီယံဒီဇယ် တစ်လီတာ ၃၅ ကျပ် (၄ ဒသမ ၀၆ ရာခိုင်နှုန်း)၊ အောက်တိန်း 92 Ron တစ်လီတာ ၃၅ ကျပ် (၄ ဒသမ ၃၂ ရာခိုင်နှုန်း)၊ အောက်တိန်း 95 Ron တစ်လီတာ ၄၀ ကျပ် (၄ ဒသမ ၆၇ ရာခိုင်နှုန်း) ၁၈ ရက်အတွင်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၈ ခုနှစ် ဇန် နဝါရီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၈၀၀ (တစ်ဂါလန် ၃၆၃၂ ကျပ်) ပရီမီယံဒီ ဇယ်တစ်လီတာ  ကျပ် ၈၂၀ (တစ်ဂါလန် ၃၇၂၂ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၈၀၀ (တစ်ဂါလန် ၃၆၃၂ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၈၄၅ ကျပ် (တစ် ဂါလန် ၃၈၃၆ ကျပ်) ဖြစ်ရာ ငါးလကျော်အတွင်း ဒီဇယ် ၁၀ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၉ ဒသမ ၁၄ ရာခိုင်နှုန်း၊ 92 Ron ၅ ဒသမ ၆၂ ရာခိုင်နှုန်း၊ 95 Ron ၅ ဒသမ ၉၁ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ထားသော မေ ၁၈ ရက်တွင် ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီးဈေးနှုန်း (တစ်စည်) များမှာ 92 Ron ၈၉ ဒသမ ၄၂ ဒေါ်လာ၊ 95 Ron ၉၂ ဒသမ ၂၅၀ ဒေါ်လာ၊ ဒီဇယ် ၉၂ ဒသမ ၀၄ ဒေါ်လာ၊ ပရီ မီယံဒီဇယ် ၉၃ ဒသမ ၁၄ ဒေါ်လာတို့ဖြစ်ပြီး ဧပြီ ၃၀ ရက် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက 92 Ron သည် ၈ ဒသမ ၁၈ ဒေါ်လာ၊ 95 Ron သည် ၈ ဒသမ ၀၄ ဒေါ်လာ၊ ဒီဇယ် ၅ ဒသမ ၆ ဒေါ်လာ မြင့်တက်ခဲ့သည်။

 

Most Read

Most Recent